နိုင်ငံတကာသင်ရိုးညွန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်း International School ၂၅၂ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုထားကြောင်း ပညာရေးဝန်ကြီးဌာနက ၎င်းတို့၏ website တွင် ဖွင့်လှစ်ခွင့်ရ ကျောင်းအမည်များဖြင့် ထုတ်ပြန်ထားသည်။
ဖွင့်လှစ်ခွင့်ပြုထားကြောင်းထုတ်ပြန်ထားသည့် International School များမှာ ၂၀၂၄- ၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်ကာ ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတကာသင်ရိုးညွန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများအဖြစ် စိစစ်၍ ဖွင့်လှစ်ခွင့်ပြုထားခြင်းလည်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ဖွင့်လှစ်ခွင့်ရရှိထားသည့် ပုဂ္ဂလိက International School များအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ခွင့်ရရှိထားသည့်ကျောင်းများမှာ အများဆုံးဖြစ်ကာ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆၁ ကျောင်း ဖြစ်ကြောင်းသိရသည်။ သို့သော်လည်း တစ်ချို့သော ကျောင်းများမှာ နာမည်တစ်ခုတည်းဖြင့်ပင် မြို့နယ်များ၌ ကျောင်းခွဲများ ဖွင့်လှစ်ထားခြင်း ဖြစ်သည့်အတွက် ရန်ကုန်တိုင်းအတွင်းတွင် International School ဖွင့်လှစ်မှု ပမာဏမှာ ကျောင်းပေါင်း ၁၃၀ ကျော်သာ ရှိမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ၄၉ ကျောင်း၊ နေပြည်တော်တွင် ခြောက်ကျောင်းနှင့် ကချင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး အစရှိသည့် ဒေသများတွင်လည်း နိုင်ငံတကာသင်ရိုးညွန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိက International School များ ဖွင့်လှစ်ခွင့်ပြုထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရသည်။
နိုင်ငံတကာသင်ရိုးညွန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများအဖြစ်ဖွင့်လှစ်ခွင့်ရရှိထားသည့် ကျောင်းများအနက် အချို့မှာ နေရာဒေသအသီးသီးတွင် ကျောင်းခွဲများဖွင့်လှစ်ထားသည့်ကျောင်းများလည်း ပါဝင်နေသည်ကို တွေ့ရသည်။
အဆိုပါစာရင်းတွင် ၂၀၂၄- ၂-၂၅ ပညာသင်နှစ်နှင့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တို့တွင် စတင် ခွင့်ပြုထားသည့် ပုဂ္ဂလိကကျောင်းများအဖြစ်ဖော်ပြပါရှိပြီး ပုဂ္ဂလိကကျောင်းလုပ်ကိုင်ခွင့်အား
ငါးနှစ်သတ်မှတ်ပေးထားခြင်းဖြစ်ကာ ငါးနှစ်ပြည့်လျှင် သက်တမ်းထပ်တိုးရကြောင်း သိရသည်။
ရန်ကုန်တိုင်း သာကေတမြို့နယ်၌ ဖွင့်လှစ်ထားသည့်နာမည်ကြီး IS ကျောင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် SCHOLARS International School မှာလည်း ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်မှ စတင်ကာ ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတကာသင်ရိုးညွန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်းအဖြစ် ဖွင့်လှစ်ခွင့်ပြုလိုက်သည့် စာရင်းတွင် ပါဝင်ခဲ့သည်။














