ဂျာမနီလက်ရွေးစင်နည်းပြအဖြစ် သောကြာနေ့မှာ ယာဂန်ကလော့ပ် လက်မှတ်ရေးထိုးမယ်

ဂျာမနီလက်ရွေးစင်နည်းပြအဖြစ် သောကြာနေ့မှာ ယာဂန်ကလော့ပ် လက်မှတ်ရေးထိုးမယ်
Photo: X
Photo: X
Published 20 July 2026

လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်ဟာ ဂျာမနီလက်ရွေးစင်အသင်းကို (၄)နှစ်စာချုပ်နဲ့ ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး သောကြာနေ့မှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံံဆု ရယူပေးခဲ့တဲ့ ယာဂန်ကလော့ပ်ဟာ လက်ရှိအချိန်မှာ Red Bull GmbH ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေတာပါ။

ဂျာမနီအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃၂)သင်းအဆင့်က ထွက်ခဲ့ရာတာကြောင့် နည်းပြ နာဂယ်စ်မန်းနဲ့ လမ်းခွဲပြီး ယာဂန်ကလော့ပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။

ယာဂန်ကလော့ပ်က ဂျာမန်ရုပ်သံရဲ့ ကမ္ဘာ့ဖလားသုံးသပ်သူအဖြစ် အမေရိကန်ကို ရောက်ရှိနေချိန်မှာ ဂျာမနီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ Red Bull GmbH တို့လည်း ညှိနှိုင်းမှုအဆင်ပြေသွားပြီဖြစ်တာကြောင့် ဖရန့်ဖတ်မြို့မှာ သောကြာနေ့ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကိုလည်း တစ်ပါတည်းပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ယာဂန်ကလော့ပ်က ဂျာမနီအသင်းကို ၂၀၃၀ အထိ ကိုင်တွယ်သွားမှာဖြစ်တာကြောင့် ၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲ၊ ယူရို-၂၀၂၈ ပြိုင်ပွဲနဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိဖို့ ဦးဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent