ပခုက္ကူ နှင့် ညောင်ပင်ကြီး ပင်မဓာတ်အားခွဲရုံတို့ သွယ်တန်းထားသည့် မဟာဓာတ်အားလိုင်း ယခုဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းက ဖောက်ခွဲဖျက်ဆီးခံရပြီး ပခုက္ကူခရိုင်တွင်းမြို့များ ဓာတ်အားပြတ်တောက်သွားကြောင်း သိရသည်။
ပခုက္ကူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးတာဝန်ရှိသူတစ်ဦးက အင်တာနက် လူမှူကွန်ယက်တွင် “(၁၉.၇.၂၆) ရက်နေ့တွင် ညောင်ပင်ကြီး - ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်တစ်တိုင် ဖောက်ခွဲဖျက်စီး ခံရပြီး ပခုက္ကူတစ်မြို့လုံး ဓာတ်အား ပြတ်တောက်လျက်ရှိပါတယ်... ကြာနိုင်ပါတယ်ဗျ” ရေးသားအသိပေးထားသည်။
“ ပုံမှန် ဝန်အားလျော့ထင်နေတာ ။ ခုညမှ ဖေ့စ်ဘုတ်မှာ မီးမရနိုင်မှန်း ဖတ်မိလို့သိတာ။ ရေအခက်အခဲ ကစ ညမီးထွန်းဖို့ထိ ခက်ခဲအုံးမှာ။ အများပြည်သူသုံးနေတဲ့ ဓာတ်အားတိုင်တွေ မိုင်းထောင်မိုင်းခွဲတာတော့ လုံးဝ မလုပ်သင့်ဘူး။ တစ်ကြိမ်လည်း မဟုတ်ဘူး။ မကြာမကြာဆိုသလို အများပြည်သူသုံး မီးတိုင်ပဲ ရန်ရှာမိုင်းခွဲနေတော့တာ” ဟု ပခုက္ကူမြို့ခံတစ်ဦး ကပြောသည်။
ပခုက္ကူ နှင့် ညောင်ပင်ကြီးပင်မဓာတ်အားခွဲရုံတို့ သွယ်တန်းထားသော မဟာဓာတ်အားလိုင်းမှာ ဓာတ်အားတိုင်ကြားတန်းများ ဖြုတ်ချခိုးယူခံရ၍ ဓာတ်အားတိုင်များ လဲကျခြင်း ၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ၍ ဓာတ်အားတိုင်များ လဲကျပျက်စီးခြင်းများကြောင့် လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏ ကြုံတွေ့လာကြောင်း ဒေသခံများ ထံမှ သိရသည်။
■ဓာတ်ပုံ- ပခုက္ကူလျှပ်စစ် (ဖောက်ခွဲဖျက်ဆီးခံရသော ဓာတ်အားပေးတိုင်အား မြင်တွေ့ရစဉ် )















