တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် လာအိုပြည်သူ့ တပ်မတော်စစ်ဦးစီးဌာန ဒုတိယအကြီးအကဲဖြစ်သူ Major General Vanhthong BOUDTAVONG ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့(ဇွန် ၉ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-လာအိုနှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့်ပူပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာအောင် တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများ၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဆက်ဆံရေးတို့တွင် တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့ပါဝင်သော CLMV အဖွဲ့ဝင် နိုင်ငံလေးနိုင်ငံ၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့၊ ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆာင်ရွက်မှုမဟာဗျူဟာအဖွဲ့တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ဒေသတွင်းတိုးတက် ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များနှင့် သင်တန်းသားများ အပြန်အလှန်စေလွှတ်နေသည့် အခြေအနေများ၊ မဲခေါင်မြစ်လုံခြုံရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှု များအပေါ် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုဖြင့် ကူညီကယ်ဆယ် ရေးအဖွဲ့များနှင့် ထောက်ပံ့ပစ္စည်းများ စေလွှတ်ပေးအပ်သည့်အတွက် များစွာကျေးဇူးတင်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေးကောင်းမွန်အောင် နေထိုင်လျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများဖြစ်သော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသည့် နိုင်ငံတော်အစိုးရသည် ပြည်သူ့ဆန္ဒကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အပြုသဘောဆောင်သည့် လုပ်ဆောင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေး နှင့်ပတ်သက်၍ တက်ကြွပြီး ဘက်မလိုက်သည့်နိုင်ငံခြားရေးမူဝါဒနှင့်အညီ အိမ်နီးချင်း ကောင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့်ဟန်ချက်ညီ ဆက်သွယ်ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်အနေဖြင့်လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ် စောင့်ရှောက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးဌာနဒုတိယအကြီးအကဲနှင့်အတူ လာအိုပြည်သူ့တပ်မတော် နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူး Colonel Mixay PHENGSAVATH ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူး Colonel Viphaxay CHANTHAMATH နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။















