တိုင်းနှင့် ပြည်နယ်ရှစ်ခုတွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ပြီး မိုဘိုင်းစခန်း ကိုးခု၌ 4G LTE စနစ် အဆင့်မြှင့်တင်ကြောင်း သိရသည်။
ဇူလိုင် ၁၂ ရက်က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဂွေးပင်ရိုးကျေးရွာ မိုဘိုင်းစခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဂွေးပင်ရိုးကျေးရွာ မိုဘိုင်းစခန်းရှေ့၌ ကျင်းပခဲ့သည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် မိုဘိုင်းစခန်း ကိုးခု 4G LTE စနစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း တည်ဆောက်တပ်ဆင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဂွေးပင်ရိုးကျေးရွာ မိုဘိုင်းစခန်းသစ်ကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းတို့က မိုဘိုင်းစခန်းကို ဖွင့်လှစ်ပေးကြကြောင်း သိရသည်။















