■ ဒေသထွက်ကုန်ပစ္စည်းများအပေါ် ငွေကြေးကောက်ခံခြင်းလုံးဝမရှိဘဲ ငွေကြေးကောက်ခံခြင်းများရှိပါက အရေးယူခြင်းများရှိသည်ဟု နေပြည်တော်ကောင်စီဝင် ပြောကြား
ဒေသထွက်ကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် ခရီးလမ်းတစ်လျှောက် ငွေကြေးကောက်ခံသည့်နေရာများ များပြားနေမှုကို လျော့နည်းအောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်းက ယနေ့ (ဇူလိုင် ၁၃ ရက်) က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည်။
ယင်းသို့မေးမြန်းမှုအပေါ် နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ဒေသထွက်ကုန်ပစ္စည်းများအပေါ် ငွေကြေး လုံးဝ (လုံးဝ) ကောက်ခံခြင်းမရှိပါကြောင်းနှင့် ငွေကြေးကောက်ခံခြင်း မရှိစေရန် တာဝန်ရှိသူများမှ စစ်ဆေးကြမ်းမတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ငွေကြေးကောက်ခံခြင်းများရှိပါက နိုင်ငံတော်၏ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဌာနတပ်ဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားရှိသော ဝန်ထမ်းစည်းကမ်း စည်းမျဉ်းဥပဒေတို့နှင့် အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
ထို့ပြင် "နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် BOT ကုမ္ပဏီများမှ လမ်းအသုံးပြုခ ကောက်ခံသော ဂိတ်များနှင့် လမ်းဦးစီးဌာနမှ ကောက်ခံသော လမ်းတံတားအသုံးပြုခ ကောက်ခံရေးဂိတ်များသာရှိပြီး အခြားငွေကြေးကောက်ခံသောဂိတ်များ မရှိပါကြောင်း"ဟု နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြောကြားသည်။
နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် BOT ကုမ္ပဏီများမှ လမ်းအသုံးပြုခ ကောက်ခံသော ဂိတ်များတွင် နိုင်ငံတော်လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေမည့် အကြမ်းဖက်အဖွဲ့ဝင်များ၊ လက်နက်ခဲယမ်း မှောင်ခိုရောင်းဝယ်မှုများ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများနှင့် ချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုထိန်းချုပ်ပစ္စည်းများ၊ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများ၊ ပြည်ပနိုင်ငံများသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ လူမှောင်ခိုကူးသူများ၊ တရားခံပြေး၊ စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေး စသည့် ပြေးလေးပြေးများ ဖြတ်သန်းသွားလာမှုမရှိစေရေး၊ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးတို့အတွက် စနစ်တကျ ရှာဖွေဖော်ထုတ်လျက်ရှိပြီး ထိုသို့ စစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာ၌ တရားမဝင်ပစ္စည်းများ ရောနှောသယ်ဆောင်မှု မရှိစေရေးကိုသာ အဓိကထား စစ်ဆေးလျက်ရှိကြောင်း နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြောကြားသည်။















