မော်တော်ယာဉ် စုံမ သတ်မှတ်မှုသည် တကယ့်ပြဿနာဟု လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က ပြောကြားသည်။
ယနေ့ (ဇွန် ၂ ရက်) ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် စက်သုံးဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းရား၌ ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
လက်ရှိအချိန်သည် ကျောင်းဖွင့်လှစ်သည့်ရာသီဖြစ်သည့်အတွက် ကလေးများ ပညာသင်ကြားရန် ကျောင်းပို့ရာ၌ နယ်များတွင် အစိုးရခွင့်ပြုထားသည့် တစ်ပတ်နှစ်ကြိမ် ဆီခွဲတမ်းသည် မည်သို့မျှ လောက်ငှမှုမရှိကြောင်း လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က ပြောကြားသည်။
“အဓိကကတော့ နယ်တွေမှာ ဘာဖြစ်လို့လဲဆိုတော့ အစိုးရခွင့်ပြုထားတာက တစ်ပတ်ကို နှစ်ကြိမ် ဥပမာ ဆိုင်ကယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ရှစ်လီတာရတယ်။ ရှစ်လီတာမှာဆိုရင်တော့ မလောက်ပါဘူးဗျာ့။ ဘယ်လိုမှ မလောက်ပါဘူး။ ဒါပေမဲ့ ဆီလည်း ကန့်သတ်ထားပြီးသား။ ဒါပေမဲ့ ခုနက ပြောသလိုပေါ့ အခုလည်း တွေ့မြင်ကြားသိနေရတဲ့ စုံမဂဏန်း အဲ့ဒါ တကယ့်ပြဿနာပါပဲ။ ကျွန်တော်တို့ ဒီမိဘပြည်သူတွေအတွက်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေ ကျောင်းသွားပို့တဲ့အချိန်မှာ ကျွန်တော်ထင်တယ်။ တစ်ချို့အိမ်တွေဆိုရင် ဆိုင်ကယ်နှစ်စီးလည်း မရှိပါဘူးဗျာ့။ မဂဏန်း၊ စုံဂဏန်း၊ ပြီးတော့ အဲဒီ ဆိုင်ကယ်တို့ ကားတို့ဆိုတာ လိုင်စင်ရှိမှ သူက အကြုံးဝင်မှာ။ ဒါပေမဲ့ နယ်မှာဆိုရင် ကျွန်တော်တို့က လိုင်စင်မရှိတာ များပါတယ်။ အဲဒါကြောင့် ဖြစ်ပျက်နေတာကတော့ အဓိကကတော့ စုံမမှာ တစ်ကယ့်ပြဿနာဖြစ်နေပါတယ်”ဟု လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က ပြောကြားသည်။
ထို့ပြင် ၎င်းအနေဖြင့် နေပြည်တော်သို့ အစည်းအဝေးတက်ရောက်ရန် လာသည့်အချိန်တွင်လည်း စုံမကြည့်ပြီး တက်လာရကြောင်း၊ ၎င်းတို့စီးနင်းလာသော မော်တော်ယာဉ်သည် မဂဏန်းဖြစ်ပြီး နေပြည်တော်ဂိတ်ရောက်ချိန်တွင် စုံရက်ဖြစ်နေသည့်အတွက် ယာဉ်ထိန်းရဲက ၎င်းတို့၏ နာမည်များအား မှတ်ထားကြောင်းလည်း လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က ပြောကြားသည်။
“ကျွန်တော်လည်း နေပြည်တော်မှာ အစည်းအဝေးတက်ဖို့ ကျွန်တော်တို့ တက်လာတဲ့အချိန်မှာ ကျွန်တော်တို့က စုံမကြည့်ပြီးတော့ တက်လာရပါတယ်ဗျာ့။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ဂိတ်မှာရောက်ပြီဆိုရင် ကျွန်တော်တို့ ကားတွေက မဂဏန်းဆိုတော့ အဲဒီမှာ စုံရက်ဖြစ်နေတော့ မော်တော်ပီကယ်လည်း ခေါ်ပြီးတော့ ကျွန်တော်တို့ နာမည်တွေ မှတ်ထားပါတယ်။ အဲဒါ တကယ့်ပြဿနာကြီး ဖြစ်နေပါတယ်။ ဒါကတော့ ကျွန်တော် အခုတင်ပြဆွေးနွေးတာကတော့ ပြည်ထောင်စုဝန်ကြီးအနေနဲ့ အဲဒီ စုံမကိစ္စကို ကျွန်တော်တို့ကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ အဲဒါ ကျွန်တော် မေးချင်ပါတယ်ဗျာ့”ဟု လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က ပြောကြားသည်။
ထိုသို့ မေးမြန်းမှုနှင့် ပတ်သက်၍ မော်တော်ယာဉ် စုံမ သတ်မှတ်မှုတွေနှင့် စက်သုံးဆီ ချွေတာရေးသည် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ပြောကြားသည်။















