သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာ အနီးတွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများတွေ့ရ

သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာ အနီးတွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများတွေ့ရ
Published 20 May 2026

သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာ အနီးတွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများတွေ့ရကြောင်း ဒေသခံများ ပြောကြားချက်များအရ သိရသည်။

မေလ ၂၀ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က ထင်းရူးကျေးရွာ သံဖြူဇရပ် - ကရုပ္ပိ - ထင်းရူး - အနင်း ကားလမ်းဘေး ဦးသန်းအောင် ဆိုသူ ပိုင်ဆိုင်သော ရော်ဘာခြံအစပ်တွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများအား ဒေသခံများက တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အလောင်းနှစ်လောင်း၏ မျက်နှာတွင် ဖူးရောင်ဒဏ်ရာများတွေ့ရှိရပြီး လည်ပင်း၊ ရင်ဘတ်နှင့် ပေါင်များတွင် ကျည်ဖောက်ဝင်ဒဏ်ရာများတွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သေဆုံးနေသူတွေက ဘယ်သူတွေလဲတော့ မသိရသေးဘူး။ အလာင်းတွေရဲ့အနီးမှာ ကျည်ခွံ (၈) ခုတွေ့ရတယ်။ ကျည်ခွံတွေက ဘာအမျိုးအစားလဲတော့ မသိဘူး” ဟု ပြောကြားသည်။

ထို အမျိုးသားနှစ်ဦး၏ရုပ်အလောင်းများအား ဒေသခံများမှ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြာင်းလည်း ၎င်းဒေသခံက ဆိုသည်။

ထိုသေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာစုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့ နံနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ် မရှိခဏဘုရားအနီး  သံဖြူဇရပ် - ရေးကားလမ်းဘေး တွင် လက်ပြန်ကြိုးတုပ်လျှက် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြသည့် အမျိုးသား သုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရသေးကြောင်း သိရသည်။

Most Read

Most Recent