ဖလမ်း - ဟားခါး လမ်းပိုင်းတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား ချောမွေ့စွာသွားလာနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင် ၄ ရက်တွင် ဖလမ်းမြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာပြီး ဖလမ်း - ဟားခါး လမ်းပိုင်းအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်း - ဟားခါး လမ်းပိုင်းအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား ပြည်သူများ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လမ်းညွှန်အမှတ် အသားများကို သတ်မှတ်ထားသည့် အင်္ဂါရပ်များအတိုင်း ဆောင်ရွက်ထားရှိရန်၊ လိုအပ်သည့်နေရာများတွင် Culvertများ တည်ဆောက်ထားရန်၊ မိုးရာသီတွင် ရေမတင်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် ဆောင်ရွက်မည့် လျာထားချက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟားခါးမြို့သို့ ရောက်ရှိရာ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးမှ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကျရာကဏ္ဍများတွင်လည်း အားလုံးဝိုင်းဝန်း ဆောင်ရွက်ရန်လိုကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့များသို့ သွားရောက်ကြည့်ရှုခဲ့ရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ ပရိဘောဂများ၊ စက်ပစ္စည်းများနှင့် ပြည်သူများ၏ အဆောက်အဦများကို ပျက်စီးမှုအမျိုးအစားအလိုက် ဦးစားပေး အစီအစဉ်ဖြင့် ပြင်ဆင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အား နိုင်ငံတော်မှပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်လျက် ရှိပါကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို မိမိတို့ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးတို့မှ ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဒေသဖွံ့ဖြိုး ရေးမှာဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကအရေးကြီးပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။















