ပဲခူးတိုင်းဒေသကြီးအတွင်း၌ ကြက်သားများကို စားသုံးသူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ကြားခံပွဲစားအဆင့်ဆင့်ကို လျှော့ချပြီး မွေးမြူရေးလုပ်ငန်းရှင်များထံမှ တိုက်ရိုက်ဝယ်ယူ ဖြန့်ဖြူးပေသည့် စနစ်ဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများစားဝတ်နေရေး သက်သာချောင်ချိစေရန် ရည်ရွယ်၍ ကြားခံအဆင့်ဆင့်လျှော့ချပြီး တိုက်ရိုက်စနစ်ဖြင့် ရောင်းချပေးခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ စည်ပင်သာယာရေးဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ဒေသကြက်နှင့် CP ကြက်သားများကို ကြားခံပွဲစားအဆင့်ဆင့် လျှော့ချကာ မွေးမြူရေးလုပ်ငန်းရှင်များထံမှ စားသုံးသူများထံသို့ တိုက်ရိုက်ဝယ်ယူ ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိရောင်းချပေးလျက်ရှိသည့် ဈေးနှုန်းများမှာ CP ကြက်သား လက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၁၈,၄၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၀,၅၀၀ ဖြင့်လည်းကောင်း၊ ဒေသကြက်သားလက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၂၃,၀၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၅,၀၀၀ ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပြီး ပဲခူး၊ ပြည်၊ တောင်ငူနှင့် သာယာဝတီခရိုင်တို့ရှိ မြို့မဈေးကြီးများတွင် အများပြည်သူ နေ့စဥ်အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်ရောင်းချပေးလျှက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး တာဝန်ရှိသူထံမှ သိရသည်။
"ကြက်သား တစ်ပိသာ အပြင်ပေါက်စျေးက ကျပ် ၃၀၀၀၀ ဝန်းကျင် ရှိပါတယ်၊ အခု တိုက်ရိုက်လာရောင်းပေးတဲ့ ကြက်သားစျေးက တစ်ပိသာကို ကျပ် ၂၀၀၀၀ ကျော်ပဲပေးရတာဆိုတော့ ပြင်ပပေါက်စျေးထက် တစ်ပိသာ ကျပ် ၁၀၀၀၀ လောက်သက်သာတယ်ပြောရမှာပေါ့ ၊ ဒါကလည်း သူတို့သတ်မှတ်ပြီးရောင်းပေးတဲ့နေရာမှာပဲ ဝယ်လို့ရတာပါ၊နေရာတိုင်းမှာ အဲ့စျေးနဲ့ဝယ်လို့မရပါဘူး၊ ဘယ်နေရာဖြစ်ဖြစ် အဲ့ဒီတိုက်ရိုက်စနစ်စျေးနဲ့ဝယ်လို့ရရင် စားသုံးသူ ပြည်သူတိုင်းအတွက် အဆင်ပြေမှာပါ၊ ပြင်ပစျေးကွက်မှာ ကြက်သား စျေးကြီးနေတာကိုလည်း ထိန်းချုပ်ပေးနိုင်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်၊ ဒါမှ လည်း အခြေခံလူတန်းစားအားလုံးအတွက် မျှမျှတတနဲ့ ကြက်သားကို စျေးသက်သက်သာသာနဲ့ ဝယ်ယူစားသုံးနိုင်မှာပါ)ဟု တောင်ငူမြို့ခံ အိမ်ရှင်မတစ်ဦးကပြောကြားသည်။
ဒေသကြက်နှင့် CP ကြက်သားများအား ကြားခံအဆင့်ဆင့်မလိုပဲ မွေးမြူရေးလုပ်ငန်းရှင်များထံမှ စားသုံးသူများထံသို့ တိုက်ရိုက်ရောင်းချပေးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ ပြည်၊ တောင်ငူနှင့် သာယာဝတီခရိုင်တို့၌ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ပဲခူးမြို့ရှိ ဗဟိုကုန်စိမ်းသားငါးဈေး၊ ဥဿာပြင်စည်ဈေး၊ ကုန်းသာယာသနပ်ဖက်ဈေးနှင့် ဘုရားဈေးသစ်ဈေး၊ ပြည်မြို့ရှိ ကိုးသောင်းဈေး၊ မြို့သစ်ဈေးနှင့် အောင်မင်္ဂလာဈေး၊ တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေး၊ ညောင်ပင်လေးဈေးနှင့် ဘုရားဈေးနှင့် သာယာဝတီခရိုင်အတွင်းရှိ သတ်မှတ်ဈေးများတွင်လည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။















