မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုကြောင့် ပြည်သူ့များ ဒုက္ခဖြစ်ရသော မြဝတီမြို့တွင် သဘာဝဘေး အန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ တုန့်ပြန်လုပ်ဆောင်နိုင်ရန် အတွက် မေလ ၁၈ ရက် နံနက်က မြဝတီမြို့၊အမှတ်(၁) ရပ်ကွက် ၊ဘောလုံးကွင်း၌ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြိုတင်ကာကွယ်ရေးနှင့် တုန့်ပြန်ကယ်ဆယ်ရေးလုပ်ငန်း ဇာတ်တိုက်လေ့ကျင့်သည့်အခန်းအနား သိို့ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြဝတီ ရှေ့တန်းမှူး ဗိုလ်မှူး ရဲလင်းဌေး၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း ၊ စည်ပင်သာယာရေးလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြဝတီခရိုင်ဦးစီးမှူး ဦးဉာဏ်မြင့်၊နယ်ခြားစောင့်တပ်(BGF) စည်းကမ်းထိန်းသိမ်းရေးရုံး မှ ဗိုလ်မှူး စောမုန်တိုင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြဝတီအခြေစိုက် လူမှူကူညီရေးအသင်းအဖွဲ့များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
မြဝတီခရိုင်၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဉာဏ်မြင့်က"ဒီကနေ့ မေလ၁၈ ရက်နေ့ မှာ ဆောင်ရွက်ရတဲ့ အခမ်းအနားကတော့ သဘာဝဘေး အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအတွက် လူ ၊ပစ္စည်း ယန္တရားစုဖွဲ့မှုပေါ့၊နောက်တစ်ခုကတော့ သဘာဝဘေးဖြစ်လို့ရှိရင် ရှာဖွယ်ကယ်ဆယ်ရေးတွေ ပြုလုပ်ဖို့အတွက် ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၀၂၃ နောက်ပိုင်းမှာရေကြီးတာတွေက မြဝတီခရိုင်က ခပ်စိပ်စိပ်ဖြစ်လာတယ်။၂၀၂၅ မှာဆိုရင် နှစ်ကြိမ် ရေကြီးရေလျှံမှု ဖြစ်ခဲ့ပါတယ်၊ရေကြီးမှုတွေမှာ ဘေးကင်းတဲ့အချိန် ပြည်သူတွေအတွက်ကို မြဝတီမှာ ကယ်ဆယ်ရေးစခန်း ၁၁ခုပေါ့ ။လူဦးရေ ၄၆၅၀ နားခိုနိုင်မယ့် ဘာသာရေးအဆောက်အဦးတွေမှာ ပြင်ဆင်ထားပါတယ်။ရပ်ကွက်၊မြို့နယ်၊ ခရိုင်နဲ့ ကရင်ပြည်နယ်အစိုးအဖွဲ့၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ကလည်း ကြီးကြပ်ပြီးတော့ဆောင်ရွက်ပေးလျှက်ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။
မြဝတီခရိုင်စည်ပင်သာယာရေး ၊ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး က ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာသည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရေပြည့်ရေလျှံခြင်း သဘာဝဘေးကြောင့် သောင်ရင်းမြစ်အတွင်း ရေနစ်မြုတ်သူ၊ ဒဏ်ရာရသူများ အား မည်သို့ကယ်ဆယ်ပြီး၊ အရေးပေါ် CBR ပြုလုပ်ကား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ရခြင်း ဇာတ်တိုက်လေ့ကျင့်မှုများကို ဌာနဆိုင်ရာ အကြီးအကဲများနှင့် တက်ရောက်လာသူများက ကြည့်ရှုခဲ့ကြသည်။
မိုးရွာသွန်းခြင်းကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ ရေဘေးအန္တရာယ်ကြုံရပါက ကယ်ဆယ်ရေး လုပ်ငန်းစဉ်အတွက် စုရပ် (၅)ခုထားရှိကာ ကယ်ဆယ်ရေးအစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်း (၁၁)ခု ဖွင့်လှစ်ထားရှိကာ စားသောက်ရေး၊ကျန်းမာရေး စသော လိုအပ်သည့်ကူညီဆောင်ရွက်မှူများ ပြုလုပ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။















