၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေတွင် ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် အနည်းဆုံး ငါးနှစ်မှ အများဆုံးနှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ဟု ဖော်ပြထား
ရန်ကုန်-မန္တလေးအစုန်/အဆန်ခရီးစဉ်အား ရထားခြောက်စင်း၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်အား ရထားလေးစင်း စုစုပေါင်း ရထား ၁၀ စင်း နေ့စဉ်ပြေးဆွဲပေးလျက်ရှိပြီး ဇွန် ၆ ရက်၊ ညနေ ၅ နာရီ မိနစ် ၂၀ တွင် အမှတ် (၁၀) အစုန်မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ကဒုတ်နှင့် ပျဉ်ပုံကြီးဘူတာအကြား မိုင်တိုင် ၆၈/၈-၉ သို့ရောက်ရှိ ဖြတ်သန်းစဉ်တွဲဆိုင်း၏ နောက်ဆုံးတွဲ DEMU-F-4016 ၏ အနောက်ဘက်ခြမ်းခရီးသည် အတက်/ အဆင်းတံခါးမှန်အား ခဲဖြင့်ပစ်ပေါက်မှုကြောင့် ၎င်းတံခါးရွက်၏ အပေါ်မှန်မှာ ကြေမွပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ပွားရာနေရာသို့ ဒိုက်ဦးမြို့နယ် ရဲစခန်းနှင့် ရထားရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ရာ တရားခံဖြစ်သူ ဟိန်းမင်းရှိန် (ဘ) ဦးဇော်လင်းခိုင်၊ အသက် (၁၅) နှစ်၊ အရှေ့ဈေးလမ်းပျဉ်ပုံကြီးကျေးရွာ ပဲခူးမြို့နယ်နှင့် အောင်မြင့်မြတ် (ဘ) ဦးကျော်ဟန် အသက် (၁၆) နှစ်၊ ဟိန်းမင်းထွဋ် (ဘ) ဦးသိန်းတိုး၊ အသက် (၁၅) နှစ်၊ လရောင်ဟန် (ဘ) ဦးအောင်ဇေယျ၊ အသက် (၁၆) နှစ် ဒိုက်ဦးမြို့နယ်တွင် နေထိုင်သူတို့ကို ဖမ်းဆီးရမိခဲ့ပြီး ဒိုက်ဦးမြို့နယ် အေးသုခရဲစခန်းတွင် အမှုအမှတ်၊ ပ/၁၃/၂၀၂၆ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ၈၄ နှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင်လည်း အမှတ် (၇) အဆန် DEMU ရထားအား ဖြူးနှင့်ဇေယျဝတီဘူတာအကြား ခဲဖြင့် ပစ်ပေါက်ခဲ့သူ တရားခံ ထက်ဦးလွင် (ခ) ငထော်နီ၊ အသက် (၁၈) နှစ်အား တောင်ငူ ခရိုင်တရားရုံးမှ ရာဇသတ်ကြီးမှုအမှတ် ၁၂၅/၂၀၂၅ ဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် အများပြည်သူများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့်အတွက် ရထားအား ခဲဖြင့်ပေါက်ခြင်း၊ အနှောင့်အယှက်ပေးခြင်းတို့အား ထပ်မံမဖြစ်ပေါ်စေရေးတို့အတွက် ပဲခူးတိုင်းဒေသကြီး ရထားလမ်းအနီးအနားတစ်ဝိုက်ရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၊ စာသင်ကျောင်းများရှိ ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့်ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ အများဆုံးနှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းသိရှိရပြီး ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။















