မန္တလေးတိုင်းလွှတ်တော်တွင် တင်သွင်းခဲ့သည့် “စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းတွင် ထည့်သွင်း​ရေးဆွဲ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး” အဆိုအား မှတ်တမ်းအဖြစ်ထားရန်ဆုံးဖြတ်

မန္တလေးတိုင်းလွှတ်တော်တွင် တင်သွင်းခဲ့သည့် “စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းတွင် ထည့်သွင်း​ရေးဆွဲ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး” အဆိုအား မှတ်တမ်းအဖြစ်ထားရန်ဆုံးဖြတ်
Published 9 June 2026

တတိယအကြိမ် မန္တလေးတိုင်းလွှတ်တော်တွင် ပထမဆုံးတင်သွင်းခဲ့သည့် “စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းတွင် ထည့်သွင်း​ရေးဆွဲ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး” အဆိုကို မှတ်တမ်းအဖြစ်ထားရှိရန် ဇွန် ၉ ရက် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ငါးဇွန်မြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူက “၂၀၂၁ခုနှစ်တွင် တပ်မတော်မှ အာဏာထိမ်းမှုနောက်တွင် ဆူပူအကြမ်းဖက်မှုများအပြင် PDFအမည်ခံအကြမ်းဖက်သမားများက လက်နက်စွဲကိုင်ပြီး ပြည်သူများကို သတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ ဆပ်ကြေးကောက်ခံခြင်းတို့အပြင် မထေ့မဲ့မြင်ပြုမူသူမှန်သမျှကို ဒလံခေါင်းစဉ်တပ်ပြီး ရပ်ရွာအတွင်းနေထိုင်နိုင်ခြင်းမရှိအောင် ပြုလုပ်ခဲ့ကြပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊တောင်သာ၊ငါးဇွန်၊ မလိုင်၊ ညောင်ဦး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်စသည့်မြို့နယ်များမှာ အကြမ်းဖက်သမားများကြောင့် ထိခိုက်ဒဏ်ရာရသေကြေခြင်း၊ ပစ္စည်းဥစ္စာဆုံးရှုံးခြင်းရပြီး နေရပ်စွန့်ခွာခဲ့ကြရပါသည်။

အကြမ်းဖက်သမားများ၏ အမြင်မတူသူမှန်သမျှ ဒလံခေါင်းစဉ်တပ်စွပ်စွဲချက်ကြောင့် နေရပ်စွန့်ခွာကာ တစ်ခြားဒေသများတွင် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသလို နေရပ်တွင်ရှိသောပစ္စည်းဥစ္စာများသည်လည်း အိမ်တိုင်ကအစ ခွာယူမှုခံရခြင်း၊ လုပ်ကိုင်စားသောက်နေသော လယ်ယာသုံးစက်ကိရိယာများ​ဆုံးရှုံးရသည့်အပြင် လယ်ယာမြေများကိုလည်း PDFများမှ သိမ်းယူသွားသည့်အတွက် မြေမဲ့ယာမဲ့ဘဝဖြစ်နေသည်မှာ ၅နှစ်ခန့်ရှိနေပြီဖြစ်ရာ အေးချမ်းသည့်အချိန် အိမ်ပြန်ရသည့်အခါ ဘဝကို တစ်ကနေ ပြန်စရမည့်အခြေနေများဖြစ်ပါသည်။

အဆိုပါဒေသများတွင် အကြမ်းဖက်သမားများကို တပ်မတော်မှလိုက်လံချေမှုန်းသည့်အခါ နှစ်ဖက်ထိတွေ့မှုဖြစ်သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုများကြောင့် တစ်ချို့သောကျေးရွာများတွင် ရွာလုံးကျွတ်မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း၊ ထိုသို့စစ်ဘေးသင့်ပြည်သူများ၏ဆုံးရှုံးမှုများကို ဖေးမကူညီစောင့်ရှောက်နိုင်သူမှာ နိုင်ငံတော်အစိုးရသာရှိပါသဖြင့် အပြစ်မဲ့သတ်ဖြတ်ခံရသူများအတွက် ထောက်ပံ့မှု၊ နေအိမ်အဆောက်အဦးတည်ဆောက်မှု၊ ကျောင်းသားကျောင်းသူများပညာသင်ကြားရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ စိတ်ပိုင်းဆိုင်ရာကုစားမှု စသည့်အထောက်အပံ့များကို နိုင်ငံတော်မှ ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းရေးဆွဲပြီးအကောင်ထည်ဖော်ဆောင်ရွက်​ပေးပါရန်” အဆိုကို ဇွန် ၅ ရက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုနှင့်ပတ်သက်ပြီး စစ်​ဘေး​ရှောင်ဒေသများဖြစ်သည့် မတ္တရာ​မြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မြင်းခြံမြို့နယ်နှင့်တောင်သာမြို့နယ်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

အဆိုနှင့် သက်ဆိုင်သည့် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍ​ ရေးဝန်ကြီးဦးသိန်းဌေးကလည်း ဒေသဆိုင်ရာများ၊ ဌာနဆိုင်ရာများ လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲအကောင်ထည်ဖော်သည့် ကုမ္ပဏီများက ဒေသအလိုက် လိုအပ်ချက်များကို ဘဏ္ဍာငွေရရှိမှုအပေါ်အခြေခံပြီး ဦးစားပေးရွေးချယ်၍ ရင်းနှီးမြှုပ်နှံမှုတွင်ပါဝင်သည့် နိုင်ငံပိုင်အခန်းကဏ္ဍအရဆောင်ရွက်ရမည့်လုပ်ငန်းစီမံကိန်းများတွင် ထည့်သွင်းလျာထားပေးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ထည့်သွင်းလျာထားနိုင်ကြောင်း၊ ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍရေးနှစ်တွင်လည်း လိုအပ်ချက်များနှင့်အညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းပြီး ရန်ပုံငွေမှ သဘာဝဘေးကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

​ဝန်ကြီး၏ ရှင်းလင်းချက်နှင့်ပတ်သက်ပြီး အဆိုရှင်ဦးမြတ်သူမှလည်း သဘောတူခဲ့သဖြင့် အဆိုကိုမှတ်တမ်းတင်ရန် လွှတ်တော်၏သဘောထားရယူခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသဖြင့် လွှတ်တော်မှ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

“စစ်ဘေးသင့်ပြည်သူတွေကိုထောက်ပံ့ဖို့ဆိုရင် ကျွန်တော်တို့တိုင်းတင် မရဘူး။ ကျန်တဲ့တိုင်းတွေမှာလည်းအကုန်ရှိတယ်။စစ်ကိုင်းတိုင်းတို့၊ ကချင်ပြည်နယ်တို့စသဖြင့်ပေါ့လေ။ ကိုယ့်တိုင်းတစ်ခုထဲလုပ်ရင်လည်း မမျှတသလို လုပ်မယ်ဆိုလည်း ကိုယ့်တိုင်းရဲ့ဘတ်ဂျက်နဲ့မလုံလောက်တာလည်းပါတယ်။ မဲခွဲဆုံးဖြတ်ရင် နိုင်ကိုနိုင်တယ်။ ဒါပေမယ့် ထောက်ပံ့မယ်ဆိုရင် တိုင်းဘတ်ဂျက်ကကုန်သွားပြီ။ ကျန်တဲ့ဟာတွေလုပ်မရ​တော့ဘူး။ အစိုးရရဲ့အခက်အခဲကိုလည်း နားလည်ပေးရမယ်။ ပြည်ထောင်စုဘတ်ဂျက်ဖြစ်တဲ့အတွက်ကြောင့်မို့ အခုလွှတ်တော်မှာ မှတ်တမ်းတင်တဲ့ဟာကို ပြည်ထောင်စုကို ပို့ပေးဖို့ ကျွန်တော်အဆိုပြုခဲ့တယ်။ဒါမှပြည်ထောင်စုက ဒီလိုစစ်ဘေးရှောင်တွေတွက်ဆောင်ရွက်ပေးရမယ်ဆိုတဲ့ အသိလေးရှိသွားမှာ။ အဲဒီအသိလေးအတွက် အခုအဆိုက စတင်လိုက်တဲ့သဘောပါ။စစ်ဘေးရှောင်တွေကို အခုထောက်ပံ့ဖို့ပြောတာမဟုတ်ပါဘူး။အလျဉ်းသင့်ရင်သင့်သလို ကဏ္ဍအလိုက် ထောက်ပံ့ဖို့ပြောတာပါ။ အလင်းဝင်လာတဲ့သူတွေဆိုရင် လူတောင်သတ်ခဲ့တဲ့သူတွေပါမယ်။ သူတို့တောင် ထောက်ပံ့ခံနေရပြီး အသတ်ခံရသူတွေက ထောက်ပံ့မှုမရဘူးဆိုရင် သဘာဝမကျဘူး။ သူတို့လေးတွေအတွက် နှစ်သိမ့်မှုလေးဖြစ်ဖြစ် ရစေချင်လို့ပါ" ဟု အဆိုအား မှတ်တမ်းအဖြစ်ထားရှိမှုအားလက်ခံခဲ့ခြင်းနှင့်ပတ်သက်ပြီး တင်သွင်းခဲ့သူ ဦးမြတ်သူက ပြောကြားခဲ့သည်။

Most Read

Most Recent