နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 15 July 2026

နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ  ဦးစိုးသိန်းက ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများကို ထိခိုက်စေပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကြီးမားသည့် အဟန့်အတားတစ်ခု ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု ပုံစံများသည် နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပါကြောင်း၊ အဂတိလိုက်စားမှုများသည် စီးပွားရေးကဏ္ဍများအပေါ် နည်းလမ်းမျိုးစုံဖြင့် ဆိုးကျိုးသက်ရောက်စေနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မျှတပြီး လုံခြုံစိတ်ချရသော ဈေးကွက်များ ဖြစ်ပေါ်၍ လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ ကောင်းကျိုးချမ်းသာ ရရှိစေရန်အတွက် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ခြင်းသည် အလွန်အရေးပါကြောင်း ကော်မရှင်ဥက္ကဋ္ဌ က ပြောကြားသည်။

ထို့ပြင် စီးပွားရေးကဏ္ဍအနေဖြင့်လည်း Business Integrity များကို တည်ဆောက်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဖော်ဆောင်နိုင်ရန် Customer Review အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းဆိုသည့် နည်းလမ်း (၃) သွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုများကို ကော်မရှင်နှင့်အတူ ပူးပေါင်းတိုက်ဖျက်ပေးကြရန်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးအသိုက်အဝန်းကို ဖန်းတီးဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

ယင်းအခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent