ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်လူနေအဆောက်အအုံ သုံးလုံးအား ထပ်မံဖြိုဖျက်

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်လူနေအဆောက်အအုံ သုံးလုံးအား ထပ်မံဖြိုဖျက်
Published 27 May 2026

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်လူနေအဆောက်အအုံ သုံးလုံးအား  ထပ်မံဖြိုဖျက် ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသော ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများလုပ်ကိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား ဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား ထပ်မံဆောင်ရွက်ခြင်းမပြုနိုင်စေရေးအတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံးအား အဆောက်အအုံအမျိုးအစားအလိုက် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံး၊ ဖောက်ခွဲ၍ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံး ခွဲခြားသတ်မှတ်၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ ၂၇ ရက်တွင် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန်သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးကို ယာဉ်၊ ယန္တရားများအသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် စုစုပေါင်းအဆောက်အအုံ ၉ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ရာ ဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံ ၆၈ လုံး ကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့အား ဆက်လက်၍ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent