ဇွန်လ (၁၂) ရက်နေ့တွင် စက်သုံးဆီတင်သွင်းသိုလှာင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းသစ်အရ မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းကျဆင်းခဲ့သော်လည်း အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် စက်သုံးဆီဈေးနှုန်းပိုများနေဆဲဖြစ်ကြောင်း သိရသည်။ စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓါတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းမှာ (၄၁၂၅ ) ကျပ်ဖြစ်ပြီး ယခင်ဈေးနှုန်းထက် (၄၂၅) ကျပ်အထိလျော့ကျခဲ့ကာ၊ မွန်ပြည်နယ်၏ ဓါတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းမှာ (၄၂၁၀) ကျပ်ဖြစ်ပြီး၊ ယခင်ဈေးနှု်နးထက် (၄၄၅) ကျပ်အထိလျော့ကျခဲ့သည်။
ထို့အတူ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှုန်းမှာ (၄၄၉၀) ကျပ်ဖြစ်ပြီး ယခင်ဈေးနှု်နးထက် (၂၃၀) ကျပ်လျော့ကျခဲ့ကာ၊ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ပရီးမီးယံ) တစ်လီတာဈေးနှုန်းမှာလည်း (၅၀၉၅) ကျပ်ဖြစ်ပြီး ယခင်ဈေးနှု်နးထက် (၂၃၀) ကျပ်လျော့ကျခဲ့သည်။
သို့သော်လည်း စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓါတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းမှာ ရန်ကုန်ထက် (၂၄၅) ကျပ်၊ ဘားအံထက် (၁၃၀) ကျပ်၊ ပဲခူးထက် (၂၃၀) ကျပ်၊ ထားဝယ်ထက် (၅၅) ကျပ်ပိုများနေဆဲဖြစ်ပြီး၊ ဓါတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းမှာလည်း ရန်ကုန်ထက် (၂၉၅) ကျပ်၊ ဘားအံထက် (၁၈၀) ကျပ်၊ ပဲခူးထက် (၂၇၅) ကျပ်၊ ထားဝယ်ထက် (၁၀၅) ကျပ်ပိုများနေဆဲဖြစ်သည်။
အလားတူ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှု်နးမှာလည်း ရန်ကုန်ထက် (၄၉၅) ကျပ်၊ ဘားအံထက် (၃၉၀) ကျပ်၊ ပဲခူးထက် (၄၈၀) ကျပ်၊ ထားဝယ်ထက် (၃၁၅) ကျပ်ပိုများနေဆဲဖြစ်ပြီး၊ ဒီဇယ်ဆီ (ပရီးမီးယံ) တစ်လီတာဈေးနှုန်းမှာလည်း ရန်ကုန်ထက် (၂၉၅) ကျပ်၊ ဘားအံထက် (၁၈၀) ကျပ်၊ ပဲခူးထက် (၂၈၅) ကျပ် နှင့် ထားဝယ်ထက် (၁၁၀) ကျပ်ပိုများနေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခု စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓါတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းထက်ပိုများသည့် ဒေသများမှာ ဟားချင်း (ချင်းပြည်နယ်)နှင့် စစ်တွေ (ရခိုင်ပြည်နယ်)၊ တို့သာရှိပြီး၊ မွန်ပြည်နယ်၏ ဓါတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းထက်ပိုများသည့် ဒေသများမှာလည်း ဟားခါး နှင့် စစ်တွေ (ရခိုင်) တို့သာရှိတော့ကြောင်း သိရသည်။ထို့အတူ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှုန်းထက်ပိုများသည့်ဒေသမှာ စစ်တွေ (ရခိုင်ပြည်နယ်) သာရှိပြီး မွန်ပြည်နယ် ဒီဇယ်ဆီ (ပရီးမီးယံ) တစ်လီတာဈေးနှုန်းမှာ မြန်မာနိုင်ငံတွင် ဈေးနှုန်းအများဆုံးဖြစ်နေကြောင်း စက်သုံးဆီတင်သွင်းသိုလှာင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းသစ်အရ သိရသည်။
မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းနေသည့် Importer များအား ရန်ကုန် သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သွင်းသော Importer များကဲ့သို့ နိုင်ငံတော်က ဒေါ်လာ မရောင်းပေးသည့်အတွက် Importer က ကိုယ်ပိုင်ဒေါ်လာဖြင့် စက်သုံးဆီတင်သွင်းနေရကြောင်း၊ ဒေါ်လာကိုလည်း နိုင်ငံတော်က ရောင်းချပေးသည့် သတ်မှတ်ဈေးနှုန်းဖြင့်ဝယ်ယူခွင့်မရသည့်အတွက် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးဝယ်ယူနေရသောကြောင့် ရန်ကုန်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်နှင့် မွန်ပြည်နယ်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်းက ကွာခြားနေတာမျိုးဖြစ်နေကြောင်း မွန်ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်းထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုအား ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းလက်ထက်က Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ က တင်ဒါအောင်မြင်ထားသည့်အတွက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း နှင့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်း မှတဆင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။သို့သော်လည်း Ya Zar Min Industry ကုမ္ပဏီပိုင်ရှင်ဦးညီညီထွေး (၅၅) နှစ် မှာ စက်သုံးဆီများအား တရားမဝင်မှောင်ခိုင်ရောင်းချမှုများကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူခြင်းခံထားရသည့်အပြင် စက်သုံးဆီလုပ်ငန်းရှင်များဖြစ်ကြသည့် စွမ်းမြန်မာစက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိန်တင် (ခ) ကာဆင် (၆၅) နှစ်၊ မိဘမေတ္တာစက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဇော်ဦး (ခ) ဇော်ဦး (၄၃) နှစ်၊ မင်းသန့်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းခိုင် တို့ကိုလည်း စက်သုံးဆီများ တရားမဝင်မှောင်ခိုရောင်းချသည်ဟုဆိုကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူထားခြင်းခံထားရကြောင်း သိရသည်။















