■ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေအား အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယင်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများပါ အခကြေးငွေ၊ ဒဏ်ကြေးငွေများအား ဆက်လက်ပြင်ဆင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
နိုင်ငံသားမှတ်ပုံ၊ ကလေးမွေးဖွားကြောင်းမှတ်ပုံတင်၊ သေဆုံးကြောင်းအထောက်အထားများအတွက် ကောက်ခံသည့် အခွန်အခနှုန်းထားများသည် ခေတ်စနစ်အခြေအနေတို့နှင့် ကိုက်ညီခြင်းမရှိသည့်အတွက် နိုင်ငံတော်အကျိုးငှာ သင့်တော်သည့်နှုန်းထားများဖြင့် ပြင်ဆင်သတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိအား တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မေးမြန်းသည်။
ဇွန် ၁၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကောက်ခံသော အခွန်အခနှုန်းထားများသည် ခေတ်စနစ်နှင့် ကိုက်ညီခြင်းမရှိသည့်အတွက် သင့်တော်သည့်နှုန်းထားများဖြင့် ပြင်ဆင်သတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးက အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီး (၁၅-၁၀-၁၉၈၂) ရက်တွင် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း၊ (၂၀-၁၀-၁၉၈၃) ရက်တွင် မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အမိန့်ကြေညာစာအမှတ် (၁၃/၈၃)ဖြင့်လည်းကောင်း၊ ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အမိန့်ကြေညာစာအမှတ်(၁၄/၈၃)ဖြင့်လည်းကောင်း၊ ပြုနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အမိန့်ကြေညာစာအမှတ်(၁၅/၈၃)ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့ပါကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။
အထက်ဖော်ပြပါ ဥပဒေ လုပ်ထုံးလုပ်နည်းများအရ မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ထုံးလုပ်နည်း အပိုဒ် (၁၂)၊ အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ် (၁)၊ အပိုဒ်ခွဲငယ်စိတ် (ငင) အရ ကလေးမွေးဖွားကြောင်း အထောက်အထား မှတ်ပုံတင် ထွေ ၁ (က) အတွက် အခငွေ တစ်ကျပ်၊ သေဆုံကြောင်း အထောက်အထားလက်မှတ်ပုံစံ ထွေ ၂ (က) အတွက် အခငွေ တစ်ကျပ်၊ လုပ်ထုံးလုပ်နည်း အပိုဒ် ၁၂၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ် (၁)၊ အပိုဒ်ခွဲငယ်စိတ် (ကက) အရ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ဆောင်ရွက်ခ (၆) ကျပ်၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ဆောင်ရွက်ခ (၆) ကျပ်၊ လုပ်ထုံးလုပ်နည်း အပိုဒ် (၁၂)၊ အပိုဒ်ခွဲ (ဂ)၊ အပိုဒ်ခွဲငယ် (၁)၊ အပိုဒ်ခွဲငယ်စိတ် (ကက) အရ အသက် (၁၀) နှစ်မှ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခ (၃) ကျပ်၊ လုပ်ထုံးလုပ်နည်း အပိုဒ် (၁၈)၊ အပိုဒ်ခွဲ (၁)၊ အပိုင်ခွဲငယ် (၂) အရ အသက် (၁၀) နှစ်ပြည့် မှတ်ပုံတင်မိတ္တူဆောင်ရွက်ခ (၁၀) ကျပ်၊ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်မိတ္တူဆောင်ရွက်ခ (၁၀) ကျပ် ပေးဆောင်ရကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။
ဧည့်နိုင်ငံသား လုပ်ထုံးလုပ်နည်းများ လုပ်ထုံးလုပ်နည်း အပိုဒ် (၁၄)၊ အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ် (၁)၊ အပိုဒ်ခွဲငယ်စိတ် (ဆဆ) အရ ကလေးမွေးဖွားကြောင်း အထောက်အထားမှတ်ပုံတင် ထွေ ၁ (က) အတွက် အခငွေ တစ်ကျပ်၊ သေဆုံကြောင်း အထောက်အထားလက်မှတ်ပုံစံ ထွေ ၂ (က) အတွက် အခငွေ တစ်ကျပ်၊ လုပ်ထုံးလုပ်နည်း အပိုဒ် (၅)၊ အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ် (၉)အရ ဧည့်နိုင်ငံသား အသက် (၁၀) နှစ်ပြည့် မှတ်ပုံတင်ဆောင်ရွက်ခ (၃၀) ကျပ်၊ ဧည့်နိုင်ငံသား အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်ဆောင်ရွက်ခ (၃၀) ကျပ်၊ လုပ်ထုံးလုပ်နည်း အပိုဒ် (၅)၊ အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ် (၂) အရ ဧည့်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း ခံရသူ (၂၅၀) ကျပ်၊ လုပ်ထုံးလုပ်နည်း အပိုဒ် (၁၀)၊ အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ် (၂)အရ ဧည့်နိုင်ငံသား အသက် (၁၀) နှစ်ပြည့် မှတ်ပုံတင် မိတ္တူဆောင်ရွက်ခ (၁၀) ကျပ်၊ ဧည့်နိုင်ငံသား အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင် မိတ္တူဆောင်ရွက်ခ (၁၀) ကျပ် ပေးဆောင်ရကြောင်းနှင့် နိုင်ငံသားပြုခွင့်ရသူ လုပ်ထုံးလုပ်နည်းများသည် ဧည့်နိုင်ငံသားပြုခွင့်ရသူ လုပ်ထုံးလုပ်နည်းများနှင့် အခကြေးငွေများ တူညီမှုရှိကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။
“ အထက်ပါတင်ပြသည့် ဇယားများအရ နိုင်ငံသားမှတ်ပုံတင်ဆောင်ရွက်ခ (၆) ကျပ်၊ ကလေးမွေးဖွားနှုန်း မှတ်ပုံတင်ဆောင်ရွက်ခ (၁) ကျပ်၊ သေဆုံးကြောင်းအထောက်အထား ဆောင်ရွက်ခ (၁) ကျပ်၊ ၎င်းနှုန်းထားများသည့် ယနေ့ခေတ်ကာလနှင့် အလွန်ပင်နည်းပါးပြီး ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရပါတယ်။ သို့သော်လည်း ကျွန်တော်တို့ အခကြေးငွေ တိုးကောက်ခံတဲ့အခါမှာလည်း ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် သင့်တင့်တဲ့နှုန်းထားများကိုတော့ ပြင်ဆင်သတ်မှတ်ပေးသင့်ကြောင်းလည်း တင်ပြအပ်ပါတယ်။ သို့ပါ၍ အထက်ဖော်ပြပါ မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကောက်ခံသော အခွန်အခ နှုန်းထားများသည် ခေတ်စနစ်အခြေအနေတို့နှင့် ကိုက်ညီခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံတော်အကျိုးငှာ သင့်တော်သည့်နှုန်းထားများဖြင့် ပြင်ဆင်သတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းတင်ပြအပ်ပါတယ်” ဟု ဦးဝင်းမြင့်က မေးမြန်းခဲ့သည်။
အထက်ပါမေးခွန်းနှင့်ပတ်သက်၍ “ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက စီမံခန့်ခွဲရသည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြေညာစာ၊ အမိန့်ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းများအနက် အချို့မှာ ခေတ်ကာလနှင့် လျော်ညီမှု မရှိခြင်း၊ ဥပဒေတွင် အားနည်းချက်များရှိခြင်းနှင့် ဥပဒေကို အသုံးချ၍ အခွင့်အာဏာရယူခြင်းများ ရှိနိုင်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသောကြောင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမှုများ ဖြစ်ပေါ်စေသဖြင့် မိမိတို့ အဖွဲ့အစည်း၊ ဌာနများက စီမံခန့်ခွဲရသည့် ဥပဒေ၊ တစ်ဆင့်ခံ ဥပဒေများကို ပြန်လည်စိစစ်သုံးသပ်တင်ပြရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ၂၃ ရက် ၈ လ ၂၀၂၅ ရက်စွဲပါ စာဖြင့် အကြောင်းကြားလာသဖြင့် မိမိဝန်ကြီးဌာနမှ စီမံခန့်ခွဲကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအနက် နိုင်ငံသားစိစစ်ရေးကတ်များ အတုပြုလုပ်သူ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီသူ၊ ကတ်ပြားအတု သုံးစွဲသူများ၊ ထိရောက်သည့်ပြစ်ဒဏ် ချမှတ်နိုင်ရန်အတွက် ဥပဒေရေးရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်၊ အကြံပြုချက်နှင့် ပြုစုထားသော မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေ မူကြမ်းနှင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများပါ အခကြေးငွေနှင့် ဒဏ်ကြေးများအား ပြင်ဆင်ရန်လိုအပ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခွင့်ပြုနိုင်ပါရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ (၂၂-၉-၂၀၂၅) ရက်စွဲပါ စာဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးကို ပြန်လည်တင်ပြခဲ့ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြန်လည်ဖြေကြားသည်။
ယင်းသို့ တင်ပြခဲ့သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ လမ်းညွှန်မှုအရ (၂-၁၀-၂၀၂၅) ရက်တွင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး အစည်းအဝေး၌ ဒုတိယဝန်ကြီးမှ မိမိတို့ဝန်ကြီးဌာနအလိုက် ဦးစားပေးပြင်ဆင်လိုသည့် ဥပဒေ၊ နည်းဥပဒေများအား ရေးဆွဲ၍ ဥပဒေမူကြမ်းစိစစ်ရေး ဦးစီးဌာနသို့ ဦးစွာပေးပို့ကြရန်နှင့် ဦးစီးဌာနမှ အကြံပြုချက်နှင့်အညီ ရေးဆွဲပြီးသည့်အခါ ဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “ သို့ဖြစ်ပါ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဆောင်ရွက်ချက်ရှိသည့် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများ မူကြမ်း၊ ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်း မူကြမ်း၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်း မူကြမ်းတို့ကို လိုအပ်သည့် ပြင်ဆင်ချက်၊ သဘောထားမှတ်ချက် ပေးနိုင်ပါရန် ဥပဒေမူကြမ်း စိစစ်ရေးဦးစီဌာနသို့ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ (၁၀-၁၀-၂၀၂၅) ရက် ရက်စွဲပါစာဖြင့် အကြံပြု တောင်းခံခဲ့ပါတယ်” ဟု ပြောကြားသည်။
ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာနမှ (၁၅-၁၀-၂၀၂၅) ရက်စွဲပါစာဖြင့် ပင်ရင်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေရှိလျှင် ပြင်ဆင်သည့် ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ်မှသာလျှင် ယင်း ပင်ရင်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လုပ်ထုံးလုပ်နည်းများ (မူကြမ်း) ကို လိုက်လျောညီထွေစွာ ရေးဆွဲထားခြင်း ရှိ၊ မရှိ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျော်လွန်ခြင်း ရှိ၊ မရှိ၊ အခြားဥပဒေများ၏ ပြဋ္ဌာန်းချက်များပါ လုပ်ပိုင်ခွင့်များနှင့် ရောထွေးခြင်း ရှိ၊ မရှိတို့ကို စိစစ်နိုင်မည်ဖြစ်ပါသဖြင့် ယင်းပြင်ဆင်သည့်ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးမှသာ မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ခြင်း မူကြမ်းအပေါ် သဘောထားမှတ်ချက် တောင်းခံရန်ဖြစ်ကြောင်း ပြန်ကြားလာပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
ဥပဒေရေးရာဝန်ကြီးဌာန၏ အကြံပြုချက်နှင့်အညီ ပြင်ဆင်ရေးဆွဲထားသည့် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေ မူကြမ်းအား (၂၂-၁၂-၂၀၂၅) ရက်စွဲပါစာဖြင့် ဥပဒေရေးရာဝန်ကြီးဌာနသို့ ပေးပို့ရာတွင် မူကြမ်းနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ သဘောထားမှတ်ချက်ပြုရန် မရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သောအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး (သို့မဟုတ်) ဒုတိယဝန်ကြီး ဦးဆောင်သော တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အပြီးသတ် ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် ဤဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် လတ်တလော လိုအပ်ခြင်း ရှိ၊ မရှိ သုံးသပ်လျက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း (၅-၁-၂၀၂၆) ရက်စွဲပါစာဖြင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ပြန်ကြားလာပါကြာင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေ မူကြမ်းနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ သဘောထားမှတ်ချက်ပြုရန် မရှိပါကြောင်း ပြန်ကြားစာရရှိပြီးဖြစ်ပါသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုအပြုလုပ်သူ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီသူ၊ ကတ်ပြားအတု သုံးစွဲသူများအား ထိရောက်သည့်ပြစ်ဒဏ် ချမှတ်နိုင်ရန်အတွက် ယခု အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများပါ အခကြေးငွေ၊ ဒဏ်ကြေးငွေများအား ဆက်လက်ပြင်ဆင်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။















