စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခံရပေမဲ့ နှိမ့်နှိမ့်ချချနေထိုင်ဖို့ အန်ဒါဆန်ကို တူဟယ်လ် တိုက်တွန်း

စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခံရပေမဲ့ နှိမ့်နှိမ့်ချချနေထိုင်ဖို့ အန်ဒါဆန်ကို တူဟယ်လ် တိုက်တွန်း
Photo: X
Photo: X
Published 12 June 2026

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ တူဟယ်လ်က ကွင်းလယ်ကစားသမား အန်ဒါဆန်ကို နှိမ့်နှိမ့်ချချနေထိုင်ဖို့ တိုက်တွန်းအကြံပြုခဲ့ကြောင်း သိရပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ အန်ဒါဆန်ဟာ မန်ယူနဲ့ မန်စီးတီးတို့ရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ကမ်းလှမ်းမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

မန်စီးတီးအသင်းက အန်ဒါဆန်ကို ပထမအကြိမ် ပေါင်(၈၅)သန်းနဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတာကြောင့် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၂၀)နဲ့ ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းထားကြောင်း  သိရပါတယ်။

ဗြိတိန်ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးအဖြစ် စံချိန်တင်ထားတာက ဝက်စ်ဟမ်းကနေ နယူးကာဆယ်ကို ပေါင်(၁၀၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဒက်ကလန်ရိုက်စ်ပါ။ 

ဒါပေမဲ့ နော်တင်ဟမ်ဖောရက်စ်က ဗြိတိန်ကလပ်အသင်းနှစ်သင်းကြား အပြောင်းအရွှေ့စံချိန်တင်ထားတဲ့ အီဆက်ခ်ရဲ့ ပေါင်(၁၂၅)သန်း စံချိန်ကို ချိုးဖျက်နိုင်တဲ့အထိ လိုလားနေကြောင်း သိရပါတယ်။

ဒီလိုအခြေအနေမှာ အန်ဒါဆန်က ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲရမှာဖြစ်တာကြောင့် တူဟယ်လ်က တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။

''အပြောင်းအရွှေ့က အပြီးသတ်သွားခဲ့တယ်ဆိုရင်တောင် သူ ပုံစံပြောင်းမသွားဖို့ မျှော်လင့်ပါတယ်။ ညတစ်ညကို လွန်မြောက်သွားတာနဲ့ ဘာမှ ပြောင်းလဲမသွားပါဘူး။ နိုးလာတဲ့အခါ သူ့အနေနဲ့ ကစားသမားအသစ်တစ်ယောက် ဖြစ်သွားမှာ မဟုတ်ပါဘူး။ ကလပ်အသင်း ပြောင်းလဲသွားရုံပါပဲ။ သူ လက်ရှိပုံစံအတိုင်း ဆက်ရှိဖို့ မျှော်လင့်ပါတယ်။ နှိမ့်ချတဲ့၊ အလျှော့မပေးတတ်တဲ့၊ နိုင်လိုစိတ်ရှိတဲ့ ကစားသမားတစ်ယောက်အဖြစ်ပေါ့'' လို့ တူဟယ်လ်က ပြောကြားခဲ့ပါတယ်။

Most Read

Most Recent