၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားခဲ့တဲ့ တိုက်စစ်မှူး အမ်ဘာပေက လူမှုကွန်ရက်ကတစ်ဆင့် ပြင်သစ်ပရိသတ်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့သလို၊ ကမ္ဘာ့ဖလားနဲ့ ပတ်သက်တဲ့ ခံစားမှုကိုလည်း ရေးသားခဲ့ပါတယ်။
ပြင်သစ်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့ ရေပန်းအစားဆုံးအသင်းတစ်သင်း ဖြစ်ခဲ့ပေမဲ့ ဆီမီးဖိုင်နယ်အဆင့်အထိသာ ရောက်ရှိခဲ့ပါတယ်။
ဒါကြောင့် အမ်ဘာပေက ''ကျွန်တော်တို့ ဆုဖလားကို ပြင်သစ်နိုင်ငံဆီ မယူဆောင်နိုင်ခဲ့ပါဘူး။ အဲဒါက နာကျင်ရသလို၊ အချိန်ကာလတစ်ခုအထိ နာကျင်နေရမှာပါ။ ဒီအကြောင်း ကျွန်တော် မလိမ်ညာပါဘူး။ ဂိုးသွင်းအများဆုံးဆုရရှိတာ ဂုဏ်ယူစရာကောင်းပေမဲ့ ဆုဖလားရရှိတာက အများကြီးပိုကောင်းပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
အမ်ဘာပေက ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ယှဉ်ပြိုင်ရာမှာ (၂၂)ပွဲကစားပြီး (၂၂)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ပြင်သစ်အသင်းရဲ့ ပွဲအများဆုံးကစားသမားနဲ့ ဂိုးအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီအတွက်လည်း ''ကျွန်တော် ငယ်ငယ်က ကမ္ဘာ့ဖလားပြိုင်ပွဲ အနည်းဆုံးတစ်ကြိမ်လောက် ကစားခွင့်ရဖို့ အိပ်မက်မက်ခဲ့ပါတယ်။ ကျွန်တော် ကမ္ဘာ့ဖလား(၃)ကြိမ် ကစားခဲ့ရပြီး ဆုဖလား(၁)ကြိမ် ရရှိခဲ့ပါတယ်။ ပြီးတော့ ဒီနှစ်မှာ အသင်းခေါင်းဆောင်အဖြစ် ယှဉ်ပြိုင်ခဲ့ရတာလည်း ဂုဏ်ယူစရာပါ။ ဒါကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး'' လို့ အမ်ဘာပေက ပြောကြားခဲ့ပါတယ်။
အမ်ဘာပေက ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက် ဂိုးသွင်းဘုရင်ဆု ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်းလည်း သိရပါတယ်။















