ဘောလုံးပြိုင်ပွဲတွေမှာ ပရိသတ်တွေ စိတ်ဝင်စားတာက ဆုဖလားတွေ၊ ပွဲရလဒ်တွေ၊ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေ၊ နည်းပြတွေရဲ့ နည်းဗျူဟာတွေတင် မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ ဖက်ရှင်တွေ၊ ဝတ်စုံဒီဇိုင်းတွေလည်း ပါဝင်ပါတယ်။ ကိုယ်သဘောကျတဲ့အသင်း၊ ကိုယ်နှစ်သက်တဲ့ ကစားသမားကို အားပေးတဲ့အနေနဲ့ အဲဒီအသင်း၊ အဲဒီကစားသမား ဝတ်ဆင်တဲ့ ဘောလုံးအကျင်္ီတွေကို ဝယ်ယူအားပေးတဲ့ အလေ့အထကလည်း ပိုမိုထွန်းကားလာပါတယ်။ ဒီလိုနဲ့ပဲ ကလပ်အသင်းတွေအတွက် ရာသီအလိုက် အကျင်္ီရောင်းချမှုက မက်မောစရာ ဝင်ငွေရပေါက်ရလမ်းတစ်ခုလည်း ဖြစ်လာပါတယ်။ ဒီလိုပဲ အဲဒီအကျင်္ီတွေကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီတွေအတွက်လည်း အကျိုးအမြတ်က ပိုမိုဖြစ်ထွန်းလာခဲ့ပါတယ်။
လက်ရှိဘောလုံးလောကမှာ အဓိကစိုးမိုးထားတဲ့ အားကစားဝတ်စုံထုတ်လုပ်ရေး ကုမ္ပဏီတွေကတော့ ဂျာမန်ကုမ္ပဏီ Adidas နဲ့ Puma၊ အမေရိကန်ကုမ္ပဏီ Nike တို့ပါပဲ။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဒီကုမ္ပဏီ(၃)ခုကပဲ အဓိကနေရာယူထားပြီး ပြိုင်ပွဲဝင်အသင်းအရေအတွက်ရဲ့ (၇၇)ရာခိုင်နှုန်းက ဝတ်စုံစပွန်ဆာအတွက် ဒီကုမ္ပဏီတွေနဲ့ လက်တွဲထားကြတာပါ။ တစ်နည်းအားဖြင့်ဆိုရင်တော့ ပြိုင်ပွဲဝင်အသင်း(၄၈)သင်းရှိတဲ့အနက် (၃၇)သင်းက ဒီကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဝတ်စုံတွေကို ဝတ်ဆင်ကစားနေကြတာပါ။ ထပ်ပြီးခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်တော့ Adidas ဝတ်စုံကို ဝတ်ဆင်တဲ့အသင်းက (၁၄)သင်း၊ Nike ဝတ်စုံကို ဝတ်ဆင်တဲ့အသင်းက (၁၂)သင်း၊ Puma ဝတ်စုံကို ဝတ်ဆင်တဲ့အသင်းက (၁၁)သင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း Adidas စိုးမိုးထားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားလို့ ညွှန်းဆိုလိုက်တာပါ။ Kelme ဝတ်စုံကို ဝတ်ဆင်တဲ့အသင်းက (၂)သင်းရှိပြီး ကျန်တဲ့အသင်း(၉)သင်းကတော့ ဝတ်စုံကုမ္ပဏီတစ်ခုစီနဲ့ လက်တွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း(၄၈)သင်းက အားကစားဝတ်စုံကုမ္ပဏီ (၁၃)ခုရဲ့ ဝတ်စုံတွေကို ဝတ်ဆင်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ Adidas ဝတ်စုံ ဝတ်ဆင်တဲ့ အသင်း(၁၄)သင်းက အယ်လ်ဂျီးရီးယား၊ ဆော်ဒီအာရေဗျ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ကိုလံဘီယာ၊ ကူရာဆော၊ ဂျာမနီ၊ ဂျပန်၊ မက္ကဆီကို၊ ကာတာ၊ စကော့တလန်၊ စပိန်၊ တောင်အာဖရိက၊ ဆွီဒင်တို့ပါ။ Nike ဝတ်စုံ ဝတ်ဆင်တဲ့ အသင်း(၁၂)သင်းက သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ တောင်ကိုရီးယား၊ ခရိုအေးရှား၊ ပြင်သစ်၊ အင်္ဂလန်၊ နော်ဝေ၊ နယ်သာလန်၊ အမေရိကန်၊ တူရကီ၊ ဥရုဂွေးတို့ပါ။ Puma ဝတ်စုံ ဝတ်ဆင်တဲ့ (၁၁)သင်းကတော့ သြစတြီးယား၊ အိုင်ဗရီကို့စ်၊ အီဂျစ်၊ ဂါနာ၊ မော်ရိုကို၊ နယူးဇီလန်၊ ပါရာဂွေး၊ ပေါ်တူဂီ၊ ချက်၊ ဆီနီဂေါနဲ့ ဆွစ်ဇာလန်တို့ပါ။















