တရုတ်၏ EV များ စျေးကွက်ဝေစု ပိုမိုရရှိလာခြင်းကြောင့် ထိုင်းနိုင်ငံက မော်တော်ယာဉ်ထုတ်လုပ်မှုကို လျှော့ချသတ်မှတ်

တရုတ်၏ EV များ စျေးကွက်ဝေစု ပိုမိုရရှိလာခြင်းကြောင့် ထိုင်းနိုင်ငံက မော်တော်ယာဉ်ထုတ်လုပ်မှုကို လျှော့ချသတ်မှတ်
Published 27 July 2026

ထိုင်းနိုင်ငံအတွင်း တရုတ်၏ လျှပ်စစ်ကား (EV) များ စျေးကွက်ဝေစုပိုမိုရရှိလာခြင်းကြောင့် ထိုင်းနိုင်ငံက မော်တော်ယာဉ် ထုတ်လုပ်မှုလျာထားချက်ကို လျှော့ချသတ်မှတ်ခဲ့ရကြောင်း The Nation သတင်းတွင် ဖော်ပြခဲ့သည်။

တရုတ် EV များသည် ထိုင်းနိုင်ငံ၏ အဓိက ပို့ကုန်ဈေးကွက်များသို့ပါ ထိုးဖောက်ဝင်ရောက်လာသဖြင့် ထိုင်းစက်မှုလက်မှု အသင်းချုပ် (FTI) က ယခုနှစ် မော်တော်ယာဉ် ထုတ်လုပ်မှု စုစုပေါင်း လျာထားချက်ကို ၁ ဒသမ ၄၅ သန်းအထိ လျှော့ချသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်တွင် မော်တော်ယာဉ် စုစုပေါင်း ၇၁၇၂၁၂ စီးသာ ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း FTI ၏ မော်တော်ယာဉ် စက်မှုလုပ်ငန်း အသင်း ဥက္ကဋ္ဌ စူဝတ် ဆူပါကာဒေချာကူလ်က ပြောကြားခဲ့သည်။

အသစ်ပြင်ဆင်သတ်မှတ်လိုက်သည့် လျာထားချက် စုစုပေါင်း ၁ ဒသမ ၄၅ သန်းတွင် ပြည်ပပို့ကုန်အတွက် မော်တော်ယာဉ် အစီးရေ ၉၀၀၀၀၀ နှင့် ပြည်တွင်းရောင်းချမှုအတွက် မော်တော်ယာဉ်စီးရေ ၅၅၀၀၀၀ တို့ ပါဝင်သည်။

ထိုင်းနိုင်ငံ၏ မော်တော်ယာဉ် ပြည်ပတင်ပို့မှု လျော့ကျသွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ အာဆီယံနိုင်ငံများ၊ ဩစတြေးလျနှင့် သမုဒ္ဒရာပိုင်းဇုန်ဒေသများ အပါအဝင် ထိုင်းနိုင်ငံ၏ အဓိက ပို့ကုန်ဈေးကွက်များအတွင်းသို့ တရုတ် EV များ အရှိန်အဟုန်ဖြင့် ထိုးဖောက် ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်။

"လက်ရှိမှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ မော်တော်ယာဉ် ထုတ်လုပ်မှု စုစုပေါင်းပမာဏရဲ့ သုံးပုံတစ်ပုံကို လွှမ်းမိုးထားတာကြောင့် တစ်စီးချင်း ထုတ်လုပ်မှုစရိတ် သက်သာတဲ့ အားသာချက်ကို ရရှိထားပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း တရုတ်နိုင်ငံဟာ နှစ်စဉ် မော်တော်ယာဉ် အစီးရေ သန်း ၃၀ ထက်မနည်း ထုတ်လုပ်ခဲ့ပါတယ်" ဟု စူဝတ်က ပြောကြားခဲ့သည်။

Ref: The Nation

Most Read

Most Recent