ယာဉ်မှတ်ပုံတင်ရန် ငါးနှစ်သက်တမ်းကျော်လွန်နေသည့် ကယားပြည်နယ်အတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ အထောက်အထားစုံလင်စွာ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။
ယနေ့ (ဇူလိုင် ၂၇ ရက်) ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကယားပြည်နယ် လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ရွှေကိုယ်စား ဒီမောဆိုမဲဆန္ဒနယ်မှ ဒေါ်မော်မော်ခိုင်က လွန်ခဲ့သော ၂၀၂၁ ခုနှစ်မှ ယခု ၂၀၂၆ ခုနှစ်အထိ ငါးနှစ်ကျော် သက်တမ်းလွန်နေသော မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို ပြန်လည်၍ ယာဉ်လိုင်စင် သက်တမ်းတိုးပေးနိုင်မှု အစီအစဉ်ရှိ မရှိ မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ထိုသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၂၀၂၀ ပုဒ်မ ၃၁ (က) ပုဒ်မခွဲ (၃) အရ မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်း ကုန်ဆုံးပြီးနောက် သက်တမ်းတိုးမှတ်ပုံတင်ခြင်း ဆောင်ရွက်ရန် တစ်ဆက်တစ်စပ်တည်း ငါးနှစ်ပျက်ကွက်ပါက မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းရမယ်ဟု ပါရှိပါကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
သို့သော်လည်း နယ်မြေဒေသအခြေအနေများနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် မှတ်ပုံတင်သက်တမ်း ကျော်လွန်နေသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင် ပြန်လည်လျှောက်ထားမည်ဆိုပါက ယာဉ်ပိုင်ရှင်များအနေဖြင့် တိုက်ပွဲရှောင်နေထိုင်ခဲ့သည့်ဒေသရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ခိုင်လုံသော ဧည့်စာရင်းထောက်ခံချက်၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကို အမှန်တကယ် ပိုင်ဆိုင်မှုဖြစ်သည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မော်တော် ယာဉ်သက်သေခံလက်မှတ်တို့ကို တင်ပြစေပြီး မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စစ်ဆေးပြီး ယာဉ်နှင့် ယာဉ်မှတ်တမ်း မှန်ကန်မှုရှိပါက ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
"သို့ဖြစ်ပါ၍ ကယားပြည်နယ်အတွင်းရှိ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်စီးရေ ၂၇၅၅ စီး၊ မော်တော်ဆိုင်ကယ် ၂၉၆၆၅ စီး စုပေါင်း ၃၂၄၂၀ စီးအနက် ငါးနှစ်သက်တမ်းကျော်လွန်နေတဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် တွေကို အထက်ဖော်ပြပါ အထောက်အထားတွေ တင်ပြလာရင် ပြည်သူများ အဆင်ပြေစေရေးနဲ့ နစ်နာမှုမရှိစေ ရေးအတွက် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။
ထို့အပြင် မှတ်ပုံတင်သက်တမ်း ငါးနှစ်ကျော်လွန်မှုမရှိသေးသော ယာဉ်များကိုလည်း သက်တမ်းလွန်မှု မဖြစ်စေရေးအတွက် ယာဉ်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ရုံး လွိုင်ကော်ကို မှတ်ပုံတင်လုပ်ငန်း လာရောက်ဆောင်ရွက်ရန်အတွက် ခက်ခဲသည့်မြို့များအနေဖြင့် သက်တိုင်ရာ မြို့နယ်များ၌ရှိသော မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီက သက်တမ်းတိုးလိုသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များနှင့် သက်ဆိုင်သည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင်သက်သေခံလက်မှတ်များကို စုစည်း၍ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ရုံး လွိုင်ကော်ကို ပေးပို့လာပါကလည်း အထူးကိစ္စရပ်အနေဖြင် သက်တမ်းတိုးခြင်းကို ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ခွင့်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။















