လတ်တလောတွင် ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား လစာတိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။
ယနေ့ (ဇူလိုင် ၂၇ ရက်) ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဌေးက ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ထိုက်သင့်သောချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးနိုင်ပါရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ထိုသို့ထည့်သွင်းဖြေကြားခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာန အပါအဝင် ဌာနအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်း အားလုံးအတွက် ရာထူးအဆင့်အလိုက် သတ်မှတ်ချိန်နှုန်းလစာ၊ လစဉ်အပိုထောက်ပံ့ကြေး၊ တစ်နှစ်လျှင် တစ်ကြိမ်ခံစားခွင့်ရှိသည့် ဝတ်စုံစရိတ်၊ အခမဲ့အိမ်ရာတွင် နေထိုင်ခွင့်မရရှိဘဲ မိမိအစီအစဉ်ဖြင့် နေထိုင်သည့် ဝန်ထမ်းများအတွက် သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရှိသည့် အိမ်ငှားစရိတ်၊ ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသော ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်၊ တာဝန်ဖြင့် ခရီးသွားလာခြင်းအတွက် ခရီးသွားနေ့တွက်စရိတ်၊ အမှန်တကယ်ကုန်ကျသည့် ခရီးစရိတ်နှင့် ရာထူးအဆင့်အလိုက် သတ်မှတ်ထားရှိသည့် တည်းခိုစရိတ်တို့ကို ခံစားခွင့်ရရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့အပြင် ပညာရေးကဏ္ဍရှိ သင်ကြားရေးပိုင်းတွင် တာဝန်ယူဆောင်ရွက်နေကြသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများအတွက် သတ်မှတ်နှုန်းထားများဖြင့် လစဉ်ချီးမြှင့်ငွေ ပေးအပ်လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ယခု လက်ရှိအချိန်တွင် ပညာရေဝန်ထမ်း ဆရာ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံးအတွက် ရာထူးအဆင့်အလိုက် သတ်မှတ်ချိန်နှုန်းလစာအပြင် အပိုထောက်ပံကြေး၊ ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ်၊ ရားထူအဆင့်အလိုက် သတ်မှတ်ထားသည့် ဒေသစရိတ်များ ၊တာဝန်ဖြင့် ခရီးသွာလာခြင်းအတွက် အမှန်တကယ်ကုန်ကျသည့် ခရီးစရိတ်၊ နေ့တွက်စရိတ်၊ တည်းခိုစရိတ်နှင့် သီးခြားသတ်မှတ်ချက်များဖြင့် ခံစားခွင့်ပြုထားသည့် စရိတ်တို့ကိုလည်း နိုင်ငံတော်၏ ဘတ်ဂျက်ခံနိုင်ရည်အပေါ် မူတည်၍ နှုန်းထား များကိုလည်း သတ်မှတ်ခံစားခွင့်ပြုလျက်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
"သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရမှ လတ်တလောတွင် ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ထိုက်သင့်သည့်ချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်ရှင့်"ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။
နိုင်ငံဝောာ်အစိုးရအနေဖြင့် နိုင်ငံတော်၏ မူဝါဒအရ နိုင်ငံ့ဝန်ထမ်းများ၏ ချိန်နှုန်းလစာ နှုန်းထားများ တိုးမြှင့်ပေးရန် စဉ်းစားပေးသည့်အချိန်များတွင် နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု အခြေအနေများ၊ လက်ရှိခံစားခွင့်ပြုထားသော နှုန်းထားများ၊ စုစုပေါင်း ဝန်ထမ်းဦးရေ၊ ရာထူးအဆင့်လိုက် ဝန်ထမ်းဦးရေအခြေအနေများ၊ လစာနှုန်း တိုးမြှင့်မှုနှင့် ဆက်စပ်နေသည့် ပင်စင်စားများ၊ လုပ်သက်၊ စုငွေ၊ နေ့စားဝန်ထမ်းလုပ်ခ စသည့်အခြေအနေများနှင့် ဘတ်ဂျက်ခံနိုင်ရည်ရှိမှု အခြေအနေတို့ကို စိစစ်သုံးသပ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို တိုးမြှင့်ပေးရာတွင် ပညာရေးဝန်ထမ်း ဆရာ ဆရာမများကိုသာ သီးခြားတိုးမြှင့်ပေးခြင်းမဟုတ်ဘဲ ဌာနအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင် နေကြသည့် ပညာရေးဝန်ထမ်းများ အပါအဝင် ဝန်ကြီးဌာနအားလုံးရှိ နိုင်ငံ့ဝန်ထမ်းများအားလုံးအတွက် တိုးမြှင့်ပေးသည့် မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားသည်။
နိုင်ငံတော်အနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်သည့် ပညာရေးဝန်ထမ်း ကျောင်းအုပ်ကြီးများအတွက် ၎င်းတို့၏ ရာထူးအဆင့်အလိုက် ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းဖြင့် လစဉ်အုပ်ချုပ်မှုစရိတ်ကိုလည်းကောင်း၊ ပညာရေးဝန်ထမ်း သင်ကြားရေး ဆရာ ဆရာမများအတွက် အမြင့်ဆုံးရရှိသည့် ဘွဲ့အလိုက် လစဉ်ချီးမြှင့်ငွေများကို ပါရဂူဘွဲ့ရရှိသူတစ်ဦးလျှင့် ကျပ် ၃၀၀၀၀၊ မဟာဒဿန၊ မဟာဘွဲ့၊ မဟာသုတေသန ရရှိသူတစ်ဦးလျှင် ကျပ် ၂၅၀၀၀၀၊ ဘွဲ့လွန်ဒီပလိုမာ ရရှိသူတစ်ဦးလျှင် ကျပ် ၁၀၀၀၀ စသည်တို့ဖြင့် လစဉ်ချီးမြှင့်ငွေများကို ပေးအပ်လျက်ရှိကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။















