AA အဖွဲ့ဝင်ငါးဦးနှင့် PDF(ကျောင်းသား လက်ရုံးတပ်-SAF)အဖွဲ့ဝင် တစ်ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် စစ်တွေမြို့တွင် မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှအမျိုးသားတစ်ဦး၊ ပေါက်တောမြို့နယ်မှ အမျိုးသားတစ် ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်မှ အမျိုးသားနှစ် ဦး၊ အမ်းမြိုနယ်မှ အမျိုးသားတစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှ အမျိုးသားတစ်ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့(ဇွန် ၈ ရက်)နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ခန်းမ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇော၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ် ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားခြင်း၊ တိုင်းမှူးက အလင်းဝင် ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားခြင်းတို့ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လာသူများအား ဆုကြေးငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ ကိုယ်စား ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။















