အာဆီယံနှင့် အဖြစ်နိုင်ဆုံး ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံထုတ်ပြန်ချက် (၅) ရပ်အပေါ် ဆွေးနွေးမှုများနှင့် အကောင်အထည်ဖော်မှုများတွင် အာဆီယံ၏ အခြေခံမူများဖြစ်သည့် အဖွဲ့ဝင် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရေး၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးစသည့် အချက်များကို လေးစားလိုက်နာသင့်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန် သည်။
၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် အာဆီယံခေါင်းဆောင် များက မြန်မာ့အရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ အကြံပြုချက်အချို့သည် အပြုသဘောဆောင်သည်ကို မှတ်သားထားကြောင်း၊ နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေပေါ်မူတည်၍ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုရှိရေးကို ဦးစားပေးဆောင်ရွက်နေသည့်အတွက် နိုင်ငံ့အကျိုးစီးပွားကို အခြေခံပြီး အကြံပြုချက်များကို အလေးထား စဉ်းစားပေးမည် ဖြစ်ကြောင်း၊ အကြံပြုချက်များသည် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင် အထည်ဖော်ရာတွင် အထောက်အကူပြုပြီး အာဆီယံပဋိညာဉ်စာတမ်း၊ အာဆီယံနည်းလမ်း၊ အာဆီယံ စိတ်ဓာတ်တို့ကို အခြေခံမည်ဆိုပါက အပြုသဘောစဉ်းစားသွားမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့ သည်ဟု သိရသည်။
အစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် နောက်ဆက်တွဲအနေဖြင့် အာဆီယံထုတ်ပြန်ချက် ငါးရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံလုပ်ထုံး လုပ်နည်းများနှင့်သွေဖည်၍ အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် အဓိကသက်ဆိုင်သည့် မြန်မာနိုင်ငံအား မူကြမ်းချပြ အသိပေးညှိနှိုင်းမှု မရှိဘဲ ဥက္ကဋ္ဌထုတ်ပြန်ချက်၏ နောက်ဆက်တွဲအဖြစ် ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည့် အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒ (ASEAN Consensus) ဖြင့် ထုတ်ပြန်ခဲ့ခြင်း မဟုတ်ကြောင်း၊ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၇ ရက်ထုတ် နိုင်ငံ ပိုင်သတင်းစာများတွင် ထည့်သွင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ အကြံပြုတိုက်တွန်းချက်များနှင့် အထက်ပါ ထုတ်ပြန်ချက် (၅) ရပ်တို့နှင့်ပတ်သက်၍ မိမိနိုင်ငံ၏အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး အာဆီယံမိသားစုစိတ်ဓာတ်ဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက်က ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်သည် အာဆီယံ ထုတ်ပြန်ချက် (၅) ရပ်နှင့် အပြန်အလှန်ဆက်နွယ်မှု ရှိသည့်အတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်လျက် တစ်ဖက်တစ်လမ်းကလည်း အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာကို မထိခိုက်စေဘဲ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများအား အောင်မြင်စွာကျင်းပပြီးစီးပြီးနောက် လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး၂၀၂၆ ခုနှစ်၊ ဇူလိုင် ၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ "အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံ၏ အခြေခံမူများနှင့်ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေ နှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုတစ်ရပ်ကို အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၂ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး အဆိုပါ အလွတ်သဘောအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက “မြန်မာနိုင်ငံသည် မိမိနိုင်ငံ၏ ပကတိအခြေအနေများကို အခြေခံ၍ အမျိုးသား အကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထား စောင့်ရှောက်ကာ မြန်မာနိုင်ငံက ဦးဆောင်သော၊ မြန်မာ့ကိုယ်ပိုင်နည်းလမ်း (Myanmar-owned and Myanmar-led approach) ဖြင့် အာဆီယံနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်လည်တိုးတက်စေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အာဆီယံထုတ်ပြန် ချက် (၅) ရပ်နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က အရေးကြီးအဆိုတစ်ရပ် အတည်ပြု ဆုံးဖြတ်ခဲ့သည့် အပေါ် မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် လေးစားလိုက်နာရန်နှင့် ယင်းဆုံးဖြတ်ချက်နှင့်အညီ သင့်လျော်သည့် ဆောင်ရွက်မှုများ အကောင်အထည်ဖော်ရန် တာဝန်ရှိကြောင်း၊ အာဆီယံ အဖွဲ့အတွင်း အဖြစ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်၍ အာဆီယံနှင့် ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပါ နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်တို့နှင့်အညီ အိမ်နီးချင်းနိုင်ငံများ၊ ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာကို အစဉ်အမြဲအလေးထားကာ အာဆီယံနှင့် အပြုသဘောဆောင်၍ အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်း သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ရေးသားထားသည်။
အာဆီယံထုတ်ပြန်ချက် (၅) ရပ်အပေါ် ဆွေးနွေးမှုများနှင့် အကောင်အထည်ဖော်မှုများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသည့် အာဆီယံ၏ အခြေခံမူများဖြစ်သော အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရေး၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးစသည့်အချက်များကို လေးစားလိုက်နာသင့်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း မိမိနိုင်ငံ၏ ပကတိအခြေအနေများအပေါ်မူတည်၍ အာဆီယံနှင့် အဖြစ်နိုင်ဆုံး ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။















