အိန္ဒိယနိုင်ငံ ဒေလီအုပ်ချုပ်ရေးဒေသတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများအတွင်း အတိုက်အခံများသည် ၎င်းတို့၏ နိုင်ငံရေးအကျိုးအမြတ်အတွက် လူငယ်များကို နိုင်ငံရေးလက်ကိုင်တုတ်အဖြစ် အသုံးချနေကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နက်သ် ဆင်းက ဇူလိုင် ၂၂ ရက်တင် ပြောကြားခဲ့သည်။
ထို့ပြင် ကျောင်းသားများ၏ ဆန္ဒပြပွဲများကို အလွန်စိုးရိမ်ကြောင်းနှင့် အတိုက်အခံများအနေဖြင့် အရေးကိစ္စများကို လမ်းများပေါ်တွင် မဟုတ်ဘဲ လွှတ်တော်အတွင်း၌သာ တင်ပြဆွေးနွေးကြရန် တိုက်တွန်းခဲ့သည်။
Jantar Mantar နက္ခတ်ဗေဒလေ့လာရေးအဆောက်အအုံ၌ ပိုးဟပ် ဂျန်တာ ပါတီ (CJP) ဦးဆောင်သော ဆန္ဒပြပွဲများအတွင်း ထောက်ခံသူများ ပိုမို ပါဝင်လာခဲ့ပြီး ဆန္ဒပြမှုများ ဒုတိယမြောက်လသို့ ဝင်ရောက်လာချိန်တွင် ကာကွယ်ရေးဝန်ကြီး ဆင်း၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့ပြင် အတိုက်အခံ ပါတီအသီးသီးမှ ခေါင်းဆောင်များသည် ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်သည့် NEET စာမေးပွဲ မေးခွန်းများ ပေါက်ကြားမှု ကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြနေသော ကျောင်းသားများဘက်မှ ထောက်ခံဝန်းရံကြောင်း ပြသသည့်အနေဖြင့် အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ကာ ဇူလိုင် ၂၂ ရက်တွင် လွှတ်တော်ပြင်ပ၌ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။
"အချို့သူတွေက သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ်ကို ဖြည့်ဆည်းဖို့ ကိုယ့်နိုင်ငံရဲ့ ကျောင်းသားတွေနဲ့ လူငယ်တွေကို နိုင်ငံရေး လက်ကိုင်တုတ်တစ်ခုအဖြစ် အသုံးချဖို့ ကြိုးပမ်းနေကြတာဟာ စိတ်မကောင်းစရာပါပဲ" ဟု ဆင်း က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အစိုးရအနေဖြင့် ကျောင်းသားများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့အပေါ် မတရားမှု တစ်ခုမှမရှိစေရေးအတွက် အာမခံချက်ပေးရန် ကတိပြုထားကြောင်း ၎င်းက ဆိုသည်။
"ကျွန်တော်တို့ ကျောင်းသားတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို နားထောင်ပေးဖို့နဲ့ ဖြေရှင်းပေးဖို့ဟာ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။ အိန္ဒိယရဲ့ အသိပညာရှိပြီး ရင့်ကျက်ဆင်ခြင်တုံတရားရှိတဲ့ လူငယ်တွေဟာ ဒီလို လှည့်ဖြားတဲ့ ကြိုးပမ်းမှုတွေကို အပြည့်အဝ နားလည်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေး လမ်းကြောင်းကို ရွေးချယ်ကြလိမ့်မယ်လို့ ကျွန်တော် လုံးဝ ယုံကြည်ပါတယ်" ဟု ၎င်းက ဆိုသည်။
ပြည်သူများ၊ အထူးသဖြင့် လူငယ်များကို စိတ်ရှုပ်ထွေးသွားစေရန်နှင့် လမ်းမှားသို့ ရောက်စေရန်အတွက် အတိုက်အခံ ခေါင်းဆောင်အချို့သည် ဟန်ဆောင်ပြီး ဒေါသထွက်ပြနေကြခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက စွပ်စွဲပြောဆိုခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ လူငယ်တွေရဲ့ ခံစားချက်နဲ့ စိုးရိမ်ပူပန်မှုတွေကို စာနာနားလည်မှု အပြည့်ရှိပါတယ်။ လွှတ်တော် အစည်းအဝေး ကျင်းပနေပြီဖြစ်သလို အစိုးရကလည်း ကိစ္စရပ်တိုင်းပေါ်မှာ အဓိပ္ပာယ်ရှိတဲ့ အချေအတင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဆန္ဒရှိကြောင်း ပြောကြားထားပြီးဖြစ်ပါတယ်" ဟု ဆင်းက ပြောကြားခဲ့သည်။
အတိုက်အခံများသည် ပြဿနာများကို လွှတ်တော်အတွင်း၌ မဟုတ်ဘဲ လမ်းများပေါ်တွင် ဖြေရှင်းရန် မသင့်တော်သော ကြိုးပမ်းမှု ကို ပြုလုပ်နေကြသည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။















