■ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများ သဘောမတူပါက စီမံကိန်းအောင်မြင်ရန် မလွယ်ကူခြင်းကြောင့် ဒေသခံပြည်သူများ၏ သဘောထားရယူရန် လမ်းညွှန်ထားဟုဆို
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက် ဒေသခံပြည်သူများ သဘောမတူပါက စီမံကိန်းအောင်မြင်ရန် မလွယ်ကူခြင်းကြောင့် ဒေသခံပြည်သူများ၏ သဘောထားရယူရန် လမ်းညွှန်ထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ယနေ့(ဇွန် ၃၀ ရက်)မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် မြစ်ဆုံစီမံကိန်းကို ပြန်လည်လုပ်ဆောင်ရန်အတွက် ကချင်ပြည်နယ်တွင် ဆွေးနွေးပွဲများ လုပ်ဆောင်နေသည်ကို သိရှိရပြီး ယင်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို မည်သို့ ဖြေရှင်းသွားမလဲဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ခုနက မေးတဲ့မေးခွန်းက ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှု၊ အဲ့တော့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှု မှန်ပါတယ်၊ ပြည်သူတွေ စိုးရိမ်ပူပန်သလို နိုင်ငံတော်သမ္မတကြီးကလည်း စိုးရိမ်ပူပန်ပါတယ်။ အဲ့တော့ ကျွန်မတို့ အဲ့ဒီစီမံကိန်းအတွက်ကို နိုင်ငံတော်သမ္မတကြီးက ၂၀၂၅ ဇူလိုင် ၂၂ ရက် အဲ့တုန်းက ပြောခဲ့တာ ရှိပါတယ်၊ ဒေသခံပြည်သူတွေ လက်မခံရင်၊ သဘောမတူရင် ဒီစီမံကိန်းက အောင်မြင်ဖို့ မလွယ်ဘူး။ အဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ သဘောထားရယူပါဆိုပြီးတော့ ဒါကတော့ နိုင်ငံတော်သမ္မတကြီး မဟုတ်သေးပါဘူး၊ ယာယီသမ္မတ တာဝန်ယူထားတဲ့ကာလတုန်းက ဒီလိုမျိုးလမ်းညွှန်ခဲ့ပါတယ်။ အဲ့တော့ သက်ဆိုင်ရာဒေသခံ ကော်မတီတွေ၊ နောက်ကချင်ပြည်နယ် အစိုးရအဖွဲ့၊ အဲ့တုန်းက ၂၀၂၆ ခုနှစ် ဇန်နဝါရီနဲ့တူတယ်၊ ဇန်နဝါရီလမှာ ၂၄ ဦးနဲ့ ဖွဲ့စည်းပြီးတော့ ဒေသခံမြေပြင်က ပြည်သူလူထုနဲ့ မြေပြင်မှာ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ အဲ့ဒီမှာ သူတို့ ဆွေးနွေးပွဲရလဒ်တွေ ထွက်လာပါတယ်။ ဒါကလောလောဆယ်တော့ ကျွန်မတို့ ဆွေးနွေးပွဲ ရလဒ်တွေ မထုတ်ပြန်ရသေးပါဘူး။ Analyze လုပ်ဦးမှာပါ” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲရလဒ်များတွင် ဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့သူများ အားလုံးသည် လျှပ်စစ်မီး လိုခြင်ကြကြောင်း၊ ဒေသခံများ အားလုံးသည်လည်း လျှပ်စစ်မီးလိုချင်ကြကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ဒေါက်တာခိုင်ခိုင်စိုးက “ဆွေးနွေးခဲ့တဲ့သူတွေအားလုံး လျှပ်စစ်မီးလိုချင်ပါတယ်။ ဒါဒေသခံတွေ အားလုံးသည် လျှပ်စစ်မီးလိုချင်တယ်။ ဒါပေမယ့် သူတို့ဆီမှာ တစ်ချို့တွေလည်း Information အမှားတွေ ရနေတယ်။ ဒါကြီးလုပ်လိုက်ရင် ရေကြီးရေလျှံမှုတွေ ပျောက်သွားမယ်၊ ဒေသခံတွေ နေရာတွေ ဖယ်ပေးရမယ်၊ စသည်ဖြင့် ဒါကြီးကတော့ ဘယ်သို့ဘယ်ညာဖြစ်ရင် လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် စိတ်ပူရတယ်။ ဒါမျိုးတွေ သူတို့ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ အဲ့တာကြောင့်မလို့ အဲ့တာတွေကိုလည်း ကျွန်မတို့ အသေးစိတ် ဆန်းစစ်လေ့လာတယ်၊ ကောင်းကျိုးက ဘယ်လောက်၊ ဆိုးကျိုးက ဘယ်လောက်ဖြစ်နိုင်လဲ၊ Check and Balance၊ နောက်တစ်ခုကတော့ Balance လုပ်ရပါမယ်။ စီမံကိန်းတိုင်းမှာ အကောင်းလည်းရှိပါမယ်၊ အဆိုးတွေကလည်း ပါပါမယ်။ အဲ့ဒီအတွက်ကို Check and Balance လုပ်ပြီး အကောင်းရာခိုင်နှုန်းများရင် ဒီစီမံကိန်းတွေက အကောင်အထည်ဖော်သွားမှာပဲဖြစ်ပါတယ်။ အဲ့တော့ ဒီမြစ်ဆုံစီမံကိန်းကို အကြမ်းဖျင်းအားဖြင့် ပြောရင်တော့ ဒါက ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ အဲ့ဒီရှိနိုင်တဲ့ ဆိုးကျိုးကိုလည်း အကောင်းဆုံးနဲ့ အနည်းဆုံးပေါ့၊ ဖြစ်အောင်လို့ ပညာရှင်တွေက တွက်ချက်ပြီးတော့မှ ဒါကို တရားဝင်ကျွန်မတို့ ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံ ခရီစဉ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက် ဆွေးနွေးခဲ့ခြင်းများ ရှိခဲ့ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
“ကျွန်မတို့ ဒီခရီးစဉ်အတွင်းမှာလည်း မြစ်ဆုံစီမံကိန်း ပြန်စဖို့အတွက်ကို ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ ကျွန်မတို့နိုင်ငံမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းက ၂၀၃၀ မှာ ၁၀၀ ရာခိုင်နှုန်း တစ်နိုင်ငံလုံးပေါ့၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးရရှိဖို့ ရည်မှန်းပြီး ဆောင်ရွက်ခဲ့တာပါ။ ဒါလည်းကြာပါပြီ၊ ဒီစီမံကိန်းက အခုမှလုပ်တာ မဟုတ်ဘူး။ သို့သော်လည်း အခုကျွန်မတို့ တက်ရောက်လာတဲ့ သတင်းထောက်ကြီးများ အားလုံး အသိပဲဖြစ်ပါတယ်။ ကျွန်မတို့ မီးမရရှိဘူး။ နေပူပြီ နွေရာသီရောက်ပြီဆိုရင် ကျွန်မတို့ အခက်အခဲ မီးမရတဲ့ ဒုက္ခကို ကျွန်မတို့ အားလုံး သိပါတယ်။ အဲ့တာကြောင့်လည်း ပြီးခဲ့တဲ့အစည်းအဝေးတွေမှာ နိုင်ငံတော်သမ္မတကြီးက တကယ်လို့သာ မြစ်ဆုံစီမံကိန်းကြီးကို ကိုယ်ကအကောင်အထည်ဖော်နိုင်ခဲ့ရင် အခုအချိန်မှာ ကျွန်မတို့ တစ်နိုင်ငံလုံး မီးထိန်ထိန် လင်းနေပါပြီ။ မီးလင်းတာနဲ့အတူ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ မီးမရှိဘဲနဲ့ ကျွန်မတို့ ဘာမှလုပ်လို့မရဘူးဆိုတာ ကျွန်မတို့အားလုံး အသိပါပဲ။ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတဲ့ အနေအထားတွေ။ အဲ့တော့ မီးရရှိရေးအတွက်ကိုကတော့ ကျွန်မတို့က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းသည် နေရာပေါင်း ခုနစ်ခု ရှိပြီး ယင်းစီမံကိန်း ခုနစ်ခုအတွင်း၌ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း စီမံကိန်း တစ်ခုထဲမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားသည် မဂ္ဂါဝပ် (၁၀၀၀၀)ကျော်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းတစ်ခုထဲနှင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၅၆၀၀) ထွက်ရှိမည်ဆိုပါက ကျန်ရှိသည့် စီမံကိန်းခြောက်ခုနှင့် ပေါင်းလိုက်ပါက ပေးအပ်ရမည့် အပိုင်းများကို ပေးအပ်ပြီးလျှင် မိမိတို့နိုင်ငံအတွက်လည်း လျှပ်စစ်ဓာတ်အား အလုံအလောက် ကျန်ရှိမည်ဖြစ်ခြင်းကြောင့် တစ်နိုင်ငံလုံး မီးလင်းသွားမည်ဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။















