ဒီအာကွန်ဂိုအရှေ့မြောက်ဘက် ဒေသတစ်ခုလုံးတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့

ဒီအာကွန်ဂိုအရှေ့မြောက်ဘက် ဒေသတစ်ခုလုံးတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့
Published 30 June 2026
Ref;AFP

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာကွန်ဂို)တွင် လူအမြောက်အမြား သေဆုံးစေခဲ့သော အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် စတုတ္ထမြောက်ပြည်နယ်တစ်ခုသို့ ရောက်ရှိပျံ့နှံ့သွားခဲ့ပြီဖြစ်သဖြင့် လူဦးရေ ၁၅ သန်းခန့် နေထိုင်ရာ ထိုနိုင်ငံ၏ အရှေ့မြောက်ဘက်ဒေသတစ်ခုလုံးတွင် ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ကြုံတွေ့ရင်ဆိုင်နေရပြီဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကိန်းဂဏန်းများအရ အဆိုပါကူးစက်ရောဂါကြောင့် အတည်ပြုလူနာ ၁၂၇၄ ဦးအနက် ၃၆၀ သေဆုံးခဲ့ပြီးဖြစ်သည်။

ဒီအာကွန်ဂိုသည် မေလ ၁၅ ရက်တွင် ၎င်း၏ ၁၇ ကြိမ်မြောက် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေး အဖျားရောဂါဖြစ်ပွားမှုကို ကြေညာခဲ့သည်။

ယခုအကြိမ်တွင် လက်ရှိ၌ ကာကွယ်ဆေး သို့မဟုတ် သီးခြားကုသမှုမရှိသေးသည့် ဘွန်ဒီဘူဂျိုမျိုးစိတ်ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာ သတိပေးချက် ထုတ်ပြန်ထားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရလာမည့် ရက်ပိုင်းအတွင်း ဆေးဘက်ဆိုင်ရာလက်တွေ့စမ်းသပ်မှုများကို စတင်ရန် ပြင်ဆင်နေပြီဖြစ်သည်။

ပဋိပက္ခများ ဖြစ်ပွားနေသည့် အီတူရီပြည်နယ်သည် ယခုနောက်ဆုံး ရောဂါကူးစက်မှု၏ ဗဟိုချက်ဖြစ်ပြီးကူးစက်သူ ၁၁၆၅ ဦးနှင့် သေဆုံးသူ ၃၀၁ ဦးရှိကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

သိပ္ပံပညာရှင်များနှင့် ကူညီရေးလုပ်သားများကမူ အမှန်တကယ် ပျက်စီးဆုံးရှုံးမှု ကိန်းဂဏန်းများသည် ယခုထက်ပိုမိုမြင့်မားနိုင်ကြောင်း ပြောကြားကြသည်။

ယခုအချိန်အထိ မြောက်ကီဗူးနှင့် တောင်ကီဗူး ဟူသော အခြားပြည်နယ်နှစ်ခုတွင်လည်း ကူးစက်မှုဒဏ်ခံခဲ့ရသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော်၍ ယူဂန်ဒါနိုင်ငံအတွင်း၌လည်း သေဆုံးသူ နှစ်ဦးအပါအဝင် ကူးစက်မှု ၂၀ ခုကို အစီရင်ခံထားသည်။

တောင်ဆူဒန်နှင့် ဒီအာကွန်ဂိုတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဟော့တ်ယူအီလီပြည်နယ်သည် ယခုအခါ စတုတ္ထမြောက်ကူးစက်ခံရသည့် ပြည်နယ်ဖြစ်လာခဲ့သည်။

အမျိုးသား ဇီဝဆေးဘက်ဆိုင်ရာ သုတေသနအင်စတီကျု မှ သတင်းမြစ်တစ်ခု၏ အဆိုအရ အီတူရီပြည်နယ်၏ မြို့တော် ဘူနီယာမှ ဟော့တ်ယူအီလီသို့ ကူးစက်ခံထားရသူတစ်ဦး ခရီးသွားလာခဲ့ပြီးနောက် ကူးစက်မှုတစ်ခုကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါလူနာသည် နောက်ပိုင်းတွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အခြားကျန်းမာရေးသတင်းမြစ်တစ်ခုက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

တာဝန်ရှိသူများသည် လက်ရှိတွင် ရောဂါကူးစက်မှု ကွင်းဆက်ကို ရှာဖွေရန်နှင့် ထိတွေ့ခဲ့သူများကို ဖော်ထုတ်ရန် ကြိုးပမ်းနေကြသည်။

အခြေအနေအတော်များများတွင် အီဘိုလာကြောင့် သေဆုံးသူများ၏ မြင့်မားစွာ ကူးစက်နိုင်စွမ်းရှိသော ရုပ်အလောင်းများကို ကိုင်တွယ်မိရာမှတစ်ဆင့် စျာပနအခမ်းအနားများတွင် ဗိုင်းရပ်စ်ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ဒေသခံလူထုအကြား မယုံကြည်မှုများနှင့် ရင်ဆိုင်နေရသော ကူညီရေးလုပ်သားများသည် သေဆုံးသူများနှင့် ထိတွေ့မှုကို တားဆီးရန်အတွက် ကူးစက်ခံရသည့် ဒေသများတွင် ဘေးကင်းသော သင်္ဂြိုဟ်မှုများ ပြုလုပ်နိုင်ရန် ရက်သတ္တပတ်ပေါင်းများစွာ ရုန်းကန်နေခဲ့ရသည်။

ဒီအာကွန်ဂိုနိုင်ငံတွင် အာဖရိကဒေသအများစုကဲ့သို့ပင် စျာပနအခမ်းအနားများသည် များသောအားဖြင့် ရက်ပေါင်းများစွာ ကြာမြင့်လေ့ရှိပြီးထိုအတောအတွင်း မိသားစုနှင့် မိတ်ဆွေများက ကွယ်လွန်သူ၏ ရုပ်အလောင်းကို ရိုးရာအစဉ်အလာအရ ကိုင်တွယ်ထိတွေ့လေ့ရှိကြသည်။         

 

Most Read

Most Recent