အမေရိကန်နှင့် အီရန်တို့ စစ်ပွဲ၏ နောက်ဆက်တွဲ ဂယက်များကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက် မတည်မငြိမ်ဖြစ်ကာ ငွေကြေးဖောင်းပွမှု အန္တရာယ် မြင့်တက်လျက်ရှိစဉ် စင်ကာပူနိုင်ငံသည် သုံးလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ဇူလိုင် ၂၇ ရက်တွင် ငွေကြေးမူဝါဒကို ထပ်မံတင်းကျပ်လိုက်သည်။
စင်ကာပူဗဟိုဘဏ် (Monetary Authority of Singapore - MAS) က စင်ကာပူဒေါ်လာ၏ ကုန်သွယ်မှုအခြေပြုတွက်ချက်သည့် တန်ဖိုး (trade-weighted value) မြင့်တက်လာမှုနှုန်းကို တိုးမြှင့်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်ကိုတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော အရှေ့အလယ်ပိုင်း တင်းမာမှုများ၏ အရိပ်မည်းမှာ ဆက်လက်လွှမ်းမိုးနေဆဲဖြစ်ပြီး ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ အရေးယူဆောင်ရွက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
စင်ကာပူ မြို့ပြနိုင်ငံသည် ၎င်းတို့ လိုအပ်သည့် ကုန်ပစ္စည်း အများစုကို ပြည်ပမှ တင်သွင်းနေရသဖြင့် ကမ္ဘာ့စားသောက်ကုန်နှင့် စွမ်းအင်ဈေးနှုန်း မြင့်တက်မှုများသည် ပြည်တွင်း ကုန်ဈေးနှုန်းနှင့် နေထိုင်စရိတ်များကို တိုက်ရိုက် ရိုက်ခတ်နေသည်။
အခြား ဗဟိုဘဏ်များနှင့် မတူဘဲ စင်ကာပူဗဟိုဘဏ် (MAS) သည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရာတွင် အတိုးနှုန်းများကို သတ်မှတ်ပေးသည့် နည်းလမ်းအစား စင်ကာပူဒေါ်လာ၏ ငွေလဲနှုန်းကို ၎င်း၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများ၏ ငွေကြေးအစုအဝေး (basket of currencies) နှင့် နှိုင်းယှဉ်၍ ထုတ်ဖော်ပြောကြားခြင်းမရှိသည့် ဈေးနှုန်းဘောင်အတွင်း ပြင်ဆင်ညှိနှိုင်းသည့် နည်းလမ်းကို အသုံးပြုသည်။
စင်ကာပူဒေါ်လာ တန်ဖိုးခိုင်မာအားကောင်းခြင်းက ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းစရိတ် မြင့်တက်လာမှု၏ ရိုက်ခတ်မှုများကို လျှော့ပါးသက်သာစေမည်ဖြစ်သည်။
စွမ်းအင်ဈေးများ ထပ်မံမြင့်တက်လာမည်ဆိုပါက ငွေကြေးဖောင်းပွမှုသည် မျှော်မှန်းထားသည်ထက် ပိုမိုခိုင်မာလာနိုင်သည်ဟု သတိပေးထားသည်။
Ref:AFP
AFP photos















