ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတခြင်းနှင့် ကုန်ထုတ်လုပ်စရိတ်မြင့်မားခြင်းကြောင့် ကုန်စျေးနှုန်းများ ကြီးမြင့်နေကာ မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
ဇူလိုင် ၇ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးရေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်အရေးကြီးပြီး မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာလည်း ရောင်းလိုအားနှင့် ဝယ်လိုအားများမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းများကြောင့်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ရခြင်းသည်လည်း ငွေကြေးတန်ဖိုး ပြောင်းလဲမှုများကြောင့်ဖြစ်သည့်အကျိုးဆက်များကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရေးအတွက် ဆောင်ရွက်ရန်မဖြစ်မနေလိုအပ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန်ပစ္စည်းများရရှိပြီး ထိုမှတစ်ဆင့်ရရှိသည့် နိုင်ငံခြားငွေများဖြင့် သွင်းကုန်များကို တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဝင်ငွေနှင့် ထွက်ငွေများမျှတနေမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများ မြင့်မားလာစေရေး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ပို့ကုန်အရေအတွက်များများ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း စိုက်ပျိုးရေးပို့ကုန်များပြည်ပသို့တင်ပို့နိုင်မှု လျော့နည်းခဲ့ကြောင်း၊ အဓိကသီးနှံဖြစ်သည့် ဆန်တင်ပို့မှုလျော့နည်းခဲ့သကဲ့သို့ အခြားစိုက်ပျိုးသီးနှံအချို့ တင်ပို့နိုင်မှုလျော့နည်းခဲ့ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးပို့ကုန်များအရေအတွက်များများထုတ်လုပ်တင်ပို့နိုင်ရေး ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများတွင် ပိုမိုပါဝင်ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရန်နှင့် နိုင်ငံ၏အဓိကပို့ကုန်သီးနှံဖြစ်သည့် ဆန်တင်ပို့မှုကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ရန်လိုကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
အလားတူ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်စီးပွားရေးကို ဆောင်ရွက်လျက်ရှိသည့် နိုင်ငံဖြစ်သဖြင့် Agro-Based Industry ကို မဖြစ်မနေဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော်အတွက် အခြေခံအကျဆုံးနှင့် အဖြစ်နိုင်ဆုံးကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်သည့် MSME ကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းဖြင့်လည်းနိုင်ငံ့စီးပွားကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖော်ဆောင်ရာတွင် ဒေသအလိုက် လုံခြုံရေး၊ သာယာလှပရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ ကောင်းမွန်ရုံသာမက စားသောက်နေထိုင်မှုနှင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေးတို့ကိုပါ ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအလိုက်ထုတ်လုပ်လျက်ရှိသည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာနှင့် ဒေသထုတ်ကုန်ပစ္စည်းများသည်လည်း အရည်အသွေးမြင့် ကုန်ပစ္စည်းများဖြစ်ရန်လိုပြီး ထုပ်ပိုးမှုမှအစ အရည်အသွေးကောင်းမွန်ပြီး အဆင့်အတန်းမြင့်မားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် နိုင်ငံအနေဖြင့် သဘာဝမှပေးထားသည့် ရေခံမြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီး ရေထွက်ပစ္စည်းများကိုလည်း ပေါကြွယ်ဝစွာ ပိုင်ဆိုင်ထားရှိကြောင်း၊ ရေထွက်ပစ္စည်းများ ပိုမိုထုတ်လုပ်တင်ပို့ခြင်းများအပါအဝင် အခြားထုတ်ကုန်ပစ္စည်းအမျိုးမျိုးတို့ကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် အဆင့်မြှင့်တင်ဆန်းသစ်ထုတ်လုပ်ပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် နိုင်ငံများသို့ တင်ပို့ခြင်းဖြင့် နိုင်ငံ့စီးပွားကို မြင့်တင်နိုင်မည်ဖြစ်ကြောင်း၊ အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ကြရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အလားတူ ပြည်တွင်းထုတ်ကုန်၊ ထွက်ကုန်ပစ္စည်းများအား ကုန်ကြမ်းအဆင့်ဖြင့် တင်ပို့ခြင်းမပြုဘဲ MSME လုပ်ငန်းများမှတစ်ဆင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာအကျိုးဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ယခင်က နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် သင်ခန်းစာယူ၍ မိမိတို့တာဝန်ယူထားရသည့်ကာလအတွင်း မည်ကဲ့သို့ကောင်းအောင် ဆောင်ရွက်သွားနိုင်သည်များကို အမြဲလေ့လာသုံးသပ်ဆန်းစစ်အဖြေရှာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာကောင်းများဖြင့် ဘက်ပေါင်းစုံမှ ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အပါအဝင် ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။















