ဂါဇာစစ်ပွဲသည် အီရန်နှင့် အမေရိကန်-အစ္စရေးတို့အကြား စစ်မက်ဖြစ်ပွားသည့်အခြေအနေအထိ ရောက်ရှိစေခဲ့သော အရှေ့အလယ်ပိုင်း ဒေသတွင်းနှစ်ချီပဋိပက္ခကို စတင်မီးမွှေးပေးခဲ့သည့် မီးပွားတစ်ခုဖြစ်ခဲ့သည်။
သို့သော် အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေးစည်းကမ်းချက်များနှင့် ပတ်သက်၍ အငြင်းပွားနေကြချိန်တွင် ပျက်စီးလုနီးပါး ဖြစ်နေရှာသော ဂါဇာ၏ ကံကြမ္မာမှာမူ လူတို့၏ အာရုံစိုက်မှုနှင့်လွဲချော်နေဟန်ရှိသည်။
“အမေရိကန်က အီရန်နဲ့ စစ်ခင်းကတည်းက တစ်ကမ္ဘာလုံးက ဂါဇာနဲ့ သူ့ရဲ့အဖြစ်ဆိုးတွေကို မေ့လျော့သွားကြပြီ။ ကျွန်တော်တို့ဘေးမှာ ရပ်တည်ပေးမယ့်သူ တစ်ယောက်မှ မရှိတော့ဘူး” ဟု အသက် ၅၃ နှစ်အရွယ်ပါ လက်စတိုင်းလူမျိုး အာမက် ဂျာမာလီက သူနေထိုင်ရာ ဂါဇာရှိ ဒုက္ခသည်စခန်းမှနေ၍ အေအက်ဖ်ပီသတင်းသို့ ပြောပြခဲ့သည်။
“ကျွန်တော်တို့က အားနည်းပြီး အဖိနှိပ်ခံနေရတာပါ။ အစ္စရေးကတော့ သူလုပ်ချင် တာမှန်သမျှ လုပ်နေပါတယ်။ ဂါဇာမှာသတ် ဖြတ်တာ၊ ဖျက်ဆီးတာနဲ့ ဂါဇာကို သိမ်းပိုက်ဖို့ လုပ်နေပေမဲ့ ကမ္ဘာပါ်မှာ ဘယ်သူကမှ ဒီကိစ္စကို အရေးတယူလုပ်ကြတာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ပါလက်စတိုင်းနယ်မြေအပေါ် ယခုကဲ့သို့ အာရုံစိုက်မှု ကင်းမဲ့နေခြင်းမှာ ပို၍ပင် သိသာထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် ယင်းနယ်မြေသည် ဆယ်စုနှစ်များစွာအတွင်း ဒေသတွင်းကို အန္တရာယ်အရှိဆုံး ထိပ်တိုက်တွေ့ဆုံမှုဆီသို့ တွန်းပို့ခဲ့သည့် ဖြစ်ရပ်ကွင်းဆက်များ၏ ဗဟိုချက်တွင် တည်ရှိနေသောကြောင့် ဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့၏ မကြုံစဖူး အစ္စရေးကို တိုက်ခိုက်မှုသည် ဂါဇာတွင် ပြင်းထန်သော စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ယင်းက လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာနှင့် ယီမင်၏ ဟူရ်သီသူပုန်များကဲ့သို့ အီရန် ကျောထောက်နောက်ခံပြုထားသည့် မဟာမိတ်များကိုပါ ပါဝင်ပတ်သက်လာစေခဲ့ကာ နောက်ဆုံးတွင် အီရန်ကိုယ်တိုင်ပါဝင်လာခဲ့သည်။
အစ္စရေးနှင့် ဟားမတ်စ်တို့အကြား စစ်ပွဲအဖြစ် စတင်ခဲ့ရာမှ ဒေသတွင်း ပဋိပက္ခတစ်ခုအဖြစ်သို့ ကူးပြောင်းလာခဲ့ပြီးထိုမှတစ်ဆင့် ခါးသီးသော ရန်သူဟောင်းကြီးများဖြစ်သည့် အီရန်နှင့် အမေရိကန်တို့အကြား တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှုအဖြစ်သို့ ပြောင်းလဲတိုးတက်လာခဲ့ခြင်းဖြစ်သည်။
နှစ်နှစ်ခွဲကျော် ကြာမြင့်လာသည့်တိုင် ဂါဇာသည် ပြင်းထန်လှသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်း ပိတ်မိနေဆဲဖြစ်ပြီး၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား မရေရာသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခု ရရှိခဲ့သည်။
သို့သော်လည်းစစ်ပွဲကို အပြီးသတ်အဆုံးသတ်နိုင်ရန် ကြိုးပမ်းမှုများသည် လပေါင်းများစွာကြာ ရပ်တန့်နေခဲ့သည်။
အီရန်တာဝန်ရှိသူများက ကနဦးတွင် ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်မည့် အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်တစ်ခုအကြောင်း ပြောဆိုခဲ့ကြသော်လည်းပြီးခဲ့သည့်လက အီရန်နှင့် အမေရိကန်တို့ အတည်ပြုခဲ့သည့် ပဏာမမူကြမ်းစာသားတွင် ဂါဇာအကြောင်း တစ်လုံးတစ်ပိုဒ်မျှထည့် သွင်းဖော်ပြထားခြင်း မရှိပေ။
လေ့လာဆန်းစစ်သူများအတွက်မူ ယင်းအခြေအနေသည် ဒေသတွင်း ဦးစားပေးအရာများ ပြောင်းလဲသွားခြင်းကို ပြသနေသည်ဟု သုံးသပ်ကြသည်။
“ဒါဟာ အီရန်ရဲ့ အမြင်မှာ ဟားမတ်စ် အဖွဲ့ရဲ့ မဟာဗျူဟာမြောက် တန်ဖိုးကျဆင်းလာတာကို ထင်ဟပ်နေပါတယ်” ဟု ဥရောပနိုင်ငံခြားဆက်ဆံရေးကောင်စီမှ ဟာ့ဂ်လူဗတ်က ဆိုသည်။
အီရန်သည် အစ္စရေးနှင့် အမေရိကန်ကို ဆန့်ကျင်သည့် ဒေသတွင်းအင်အားစုများ စုစည်းထားသော ၎င်း၏ ခုခံရေးဝင်ရိုး အစိတ်အပိုင်းတစ်ခုအဖြစ် ဟားမတ်စ်အဖွဲ့အား လက်နက်နှင့် ငွေကြေးထောက်ပံ့မှုများကို ရေရှည်လုပ်ဆောင်ပေးခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာလ တိုက်ခိုက်မှုသည် ထိုဆက်ဆံရေးကို အခြေခံကျကျ ပြောင်းလဲပစ်လိုက်ပုံရသည်။
“အီရန်လူမျိုးတွေက ဂါဇာအရေးကို တကယ်တမ်း စိတ်မဝင်စားကြပါဘူး။ ဟားမတ်စ်ဟာ မဟာမိတ်တစ်ဦးသာ ဖြစ်ပြီး အီရန်ရဲ့ လက်ကိုင်တုတ်တစ်ခု မဟုတ်ခဲ့ပါဘူး” ဟု အစ္စရေးစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ အီဒိုဟတ်ချ် က ဆိုသည်။
“ဟားမတ်စ်က သူတို့ကို သစ္စာဖောက်ခဲ့တာ။ အီရန်ဟာ ၂၀၂၃ ခုနှစ် ဆောင်းဦးရာသီမှာ စစ်ပွဲမဖြစ်ချင်ခဲ့ဘူး။ အဲဒါက သူတို့အတွက် စောလွန်းနေခဲ့လို့ပါ” ဟု ဆိုသည်။
■ တဖြည်းဖြည်း မှေးမှိန်လာခြင်း
အခြား အစ္စရေး စစ်ဘက်ဆိုင်ရာလေ့လာ ဆန်းစစ်သူတစ်ဦးဖြစ်သည့် မိုက်ကယ် မီလ်စတိန်းက အီရန်၏ တွက်ချက်မှုများသည် အခြားနေရာသို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း ထောက်ပြခဲ့သည်။
“ဒေသတွင်း မျှခြေရဲ့ အဓိကမဏ္ဍိုင်တစ် ခုအဖြစ် ဟစ်ဇ်ဘိုလာကို ဆက်ပြီးကာကွယ်ပေးထားဖို့က အီရန်အတွက် ပိုပြီးတော့တန်ဖိုးရှိပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဂါဇာအရေးနှင့်ပတ်သက်၍ စိတ်ကုန်လာကြသည့် ခံစားချက်များ ပိုမိုမြင့်တက်လာသည်နှင့်အမျှ သံတမန်ရေးရာ အာရုံစိုက်မှုများသည်လည်း ပြောင်းလဲသွားခဲ့သည်။
“ဂါဇာဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကနေ တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်လို့ လာနေပါပြီ” ဟု လူဗတ်က ဆိုသည်။
ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ပတ်သက်နေသည့် သံတမန်တစ်ဦးကမူ “အင်အားစု အများစုက ဒီပြဿနာကို ရေတို ဒါမှမဟုတ် ကာလလတ်အတွင်းမှာ ဖြေရှင်းလို့မရနိုင်တဲ့ ကိစ္စရပ်တစ်ခုအဖြစ် ရှုမြင်နေကြတယ်” ဟု အစိုးရများအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည့် ယုံကြည်ချက်ကို ရှင်းပြခဲ့သည်။
ဆွေးနွေးပွဲများ၌ ဂါဇာအရေး ပါဝင်မလာခြင်းသည် တိုးတက်မှုရရှိလာခြင်းထက် နိုင်ငံရေးအရ ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေသည့် အခြေအနေကို ထင်ဟပ်နေခြင်း သာဖြစ်ကြောင်းဂျေရုဆလင်အခြေစိုက် အခြားသော ၀ါရင့်သံတမန်တစ်ဦးက သုံးသပ်ထားသည်။
“ဂါဇာအရေးဟာ သဘောတူညီချက်ထဲမှာ ပါဝင်မလာတာဟာ စစ်ပွဲပြီးဆုံးသွားလို့ မဟုတ်ပါဘူး။ စစ်ပြီးခေတ် နောက်တစ်နေ့အတွက် ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးမူဘောင် တစ်ရပ် မရှိသေးလို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံရေးအရ အသွင်ကူးပြောင်းမှု မစတင်မီ ဟားမတ်စ်အဖွဲ့အနေဖြင့် လက်နက်များကို အပြည့်အဝ စွန့်လွှတ်ရမည်ဟု အစ္စရေးက အခိုင်အမာ တောင်းဆိုထားသည်။
ဟားမတ်စ်အဖွဲ့ကမူ ၎င်းတို့၏နေရာတွင် အစားထိုး ဝင်ရောက်မည့် အခြားပါလက် စတိုင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ တစ်ရပ် ပေါ်ပေါက်လာမည်ဆိုသော အာမခံချက်မရှိဘဲ လက်နက်စွန့်လွှတ်ရန် ငြင်းဆိုထားသည်။
အပစ်အခတ်ရပ်စဲရေး စတင်သက်ရောက်ခဲ့သည့် လများအတွင်း တိုက်ပွဲများကို ရပ်တန့်စေခဲ့သော အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် မူဘောင်ထဲတွင် တောင်းဆိုထားသည့် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်း ရေးတပ်ဖွဲ့ဖြစ်စေ၊ ယုံကြည်စိတ်ချရသော ယာယီအသွင်ကူးပြောင်းရေး ယန္တရားဖြစ်စေ တစ်စုံတစ်ရာ ပေါ်ထွက်လာခြင်းမရှိသေးပေ။
■ တိုက်ပွဲများဆီ ပြန်လည်ဦးတည်မည်လော
သံတမန်ရေးရာလမ်းကြောင်း ရပ်တန့်နေသည်နှင့်အမျှ တိုက်ပွဲများ ပြန်လည်စတင်လာနိုင်ချေရှိသည်ဟူသော စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ကျရှုံးခဲ့ပါက ဟားမတ်စ်အဖွဲ့အပေါ် ၂၀၂၆ ခုနှစ် နွေရာသီတွင် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်နိုင်ရန် စစ်ဘက်ဆိုင်ရာ ပြင်ဆင်မှုများ ရှိနေကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့ကြသည်။
သို့သော်လည်း စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူ ဟတ်ချ်က ယခုကဲ့သို့ အရေးပေါ်အခြေအနေအတွက် ကြိုတင်စီမံချက်များ ရှိနေခြင်းသည် အခြားစစ်ပွဲတစ်ခု ထပ်မံဖြစ်ပွားရန် သေချာနေပြီဟု ကောက်ချက်မချသင့်ကြောင်း သတိပေးခဲ့သည်။
“စစ်ရေးအရ အခွင့်အလမ်းရှိနေတာဟာ နိုင်ငံရေးအရ အခွင့်အလမ်းရှိနေတာနဲ့ မတူပါဘူး။ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာဟာ လက်တွေ့အကောင်အထည်ဖော်တာနဲ့ မတူပါဘူး” ဟု ၎င်းက ဆိုသည်။
လေ့လာဆန်းစစ်သူ မီလ်စတိန်းကမူ အစ္စရေးအနေဖြင့် အသာစီးရနိုင်မည့် အခွင့်အလမ်း အနည်းငယ်သာ ကျန်ရှိတော့ကြောင်း ထောက်ပြခဲ့သည်။
၎င်း၏အမြင်အရ အသွင်ကူးပြောင်းရေး နိုင်ငံရေးမူဘောင်တစ်ရပ်နှင့်အတူ ဟားမတ်စ်အဖွဲ့ကို အဆင့်လိုက် လက်နက်ဖြုတ် သိမ်းရေး သဘောတူညီချက်ကို အစ္စရေးဘက်က လက်ခံလာရန် သို့မဟုတ် ဂါဇာမှပင် နောက်ဆုတ်သွားရန် အမေရိကန်က နောက်ဆုံးတွင် ဖိအားပေးလာနိုင်ဖွယ်ရှိနေသည်။
“ဒါမှမဟုတ်ရင်လည်း အစ္စရေးဟာ နောက်ထပ်စစ်ရေးစွန့်စားမှုတစ်ခုကို စတင်နိုင်ပါတယ်။ လက်ရှိအစိုးရရဲ့ လုပ်ရပ်သမိုင်းကြောင်းအရ ဒါကိုလည်း ထည့်မတွက်ဘဲနေလို့ မရပါဘူး” ဟု မီလ်စတိန်းက ပြောကြားခဲ့သည်။
ထို့ပြင်အစ္စရေးခေါင်းဆောင်များတွင် ရေရှည်အတွက် ခိုင်မာပြီး စနစ်တကျရှိသော မဟာဗျူဟာတစ်ရပ် လိုအပ်နေဆဲ ဖြစ်ကြောင်းလည်း မီလ်စတိန်းက ထည့်သွင်းပြောဆိုခဲ့သည်။










