တရုတ်အလယ်ပိုင်း၌ မုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၂၇၅ ဦး ဒဏ်ရာရ

တရုတ်အလယ်ပိုင်း၌ မုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၂၇၅ ဦး ဒဏ်ရာရ
Published 7 July 2026
Ref;AFP

​တရုတ်နိုင်ငံအလယ်ပိုင်းတွင် မိုးသက်မုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ၂၇၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟုတရုတ်နိုင်ငံပိုင်မီဒီယာများက ဇူလိုင်ရက်တွင်သတင်းထုတ်ပြန်သည်။

နိုင်ငံတောင်ပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် နောက်ထပ်လူ နှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဇူလိုင် ၆ ရက်က ဟူပေပြည်နယ်အတွင်းရှိ ဒေသများတွင်ပြင်းထန်သော မိုးလေဝသအခြေအနေဆိုးများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု တရုတအစိုးရပိုင်ရုပ်သံ (CCTV) က ဖော်ပြခဲ့သည်။ ဟွမ်ရှီနှင့် ဟွမ်ကန်း အပါအဝင် မြို့အတော်များများတွင် မိုးသက်မုန်တိုင်းနှင့် လေပြင်းများ ဖြတ်သန်းတိုက်ခတ်ခဲ့မှု     ကြောင့် ရှစ်ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင်ဖော်ပြထားသည်။

အချို့ဒေသများတွင် လေဆင်နှာမောင်းတိုက်ခတ်မှုများရှိခဲ့ပြီး တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

​ဟွမ်ကန်းမြို့ ဟွမ်ကျိုးခရိုင်အတွင်း ဇူလိုင် ၇ ရက်နံနက်ပိုင်းအထိ စာရင်းများအရ ယင်းပြင်းထန်သော ရာသီဥတုကြောင့် ၂၇၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသော်လည်း ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

အာဏာပိုင်များက ဒေသခံပြည်သူ ၄၀၈ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆင်ဟွာက ဆက်လက်ဖော်ပြခဲ့သည်။

​အလားတူ နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသတွင်လည်း တိုင်ဖွန်းမုန်တိုင်း မိုင်ဆက်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ပြင်းထန်စွာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး နှစ်ဦးသေဆုံးခဲ့သည်။ ထို့ကြောင့် ဇူလိုင် ၆ ရက်ညနေပိုင်းအထိ ပြည်သူအနည်းဆုံး ၄၈၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

​ကွမ်ရှီးဒေသ၏ မြို့တော်နန်နင်းရှိ တာဝန်ရှိသူများသည် သည်းထန်စွာရွာသွန်းသော မိုးကြောင့်ဆည်များ ကျိုးပေါက်ခဲ့ပြီးနောက် ရေဘေးကာကွယ်ရေး အရေးပေါ် တုံ့ပြန်မှု အဆင့်ကို အမြင့်ဆုံး အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။ မိုးရေချိန်များပြားမှုကြောင့် ရေလှောင်တမံ ရေထိန်းနံရံများ ပြိုကျပျက်စီးခဲ့ပြီး ကွန်ကရစ်တမံဟောင်းများကြားမှ ရွံ့ရေများ စီးဆင်းလာသည့် ရုပ်သံမှတ်တမ်းများကို CCTV က ထုတ်လွှင့်ပြသခဲ့သည်။

ထို့အပြင် ဒေသတွင်းရှိ နေအိမ်များနှင့် မော်တော်ယာဉ်အချို့ ရေနစ်မြုပ်နေသည်ကိုလည်း တွေ့ရသည်။ အသက်ကယ်အကျႌနှင့် ဦးထုပ်များဆောင်းထားသည့် ကယ်ဆယ်ရေးသမားများသည် လေထိုးနိုင်သည့်လှေ များကို အသုံးပြုကာ ပိတ်မိနေသူများကို လိုက်လံရှာဖွေကယ် ဆယ်နေကြသည်။

​ရုပ်ကြွင်းလောင်စာ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီး ဆက်လက်ပူနွေးလာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းပြင်း ထန်သည့် ရာသီဥတုဆိုးရွားမှုဖြစ်စဉ်များ၏ အရှိန်အဟုန်နှင့် အကြိမ်ရေမှာ ပိုမိုတိုးမြင့်လာလိမ့်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။                       

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဖန်လုံ အိမ်ဓာတ်ငွေ့ အများဆုံးထုတ်လွှတ်သည့် နိုင်ငံဖြစ်သော်လည်း အခြားတစ်ဖက်တွင် ၎င်း၏ကြီးမားလှသော စီးပွားရေးကဏ္ဍကို ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ဓာတ်ငွေ့ထုတ် လွှတ်မှုမရှိသည့် (Carbon-Neutral) အခြေအနေဖြစ်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်နေသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး အဓိကနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

တရုတ်တောင်ပိုင်းနှင့်အလယ်ပိုင်းဒေတို့တွင် မိုးများခဲ့ပြီးနောက် မေလထဲတွင် အနည်းဆုံး ၂၂ ဦးသေဆုံးခဲ့ပြီး ဒေသအချို့သည် မိုးရေချိန်စံချိန်တင်ခဲ့သည်ဟု အစိုးရမီဒီယာကဖော်ပြခဲ့သည်။            

 

Most Read

Most Recent