အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ အီဂျစ်နဲ့ပွဲမှာ ကိုယ်တိုင် တစ်ဂိုးသွင်းယူခဲ့သလို၊ ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးရော ဖန်တီးမှုပါ အများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။
မက်ဆီက အီဂျစ်နဲ့ပွဲမတိုင်ခင်ကတည်းက သွင်းဂိုး (၂၀)နဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပေမဲ့ ဂိုးဖန်တီးမှုမှာတော့ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာနဲ့ (၈)ကြိမ်စီတူညီနေခဲ့တာပါ။
လက်ရှိအချိန်မှာတော့ မက်ဆီက ဂိုးဖန်တီးမှု(၉)ကြိမ်ရှိသွားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ်ပါ လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ခဲ့တာပါ။
မက်ဆီရဲ့ဂိုးဖန်တီးမှုတွေက၂၀၀၆ ကမ္ဘာ့ဖလားမှာ တစ်ကြိမ်၊ ၂၀၁၀ ကမ္ဘာ့ဖလားမှာ နှစ်ကြိမ်၊ ၂၀၁၄ ကမ္ဘာ့ဖလားမှာ သုံးကြိမ်၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာ နှစ်ကြိမ်၊ ၂၀၂၂ ကမ္ဘာ့ဖလားမှာ သုံးကြိမ်နဲ့ အခု ၂၀၂၆ ကမ္ဘာ့ဖလားမှာ တစ်ကြိမ်ဖြစ်ကြောင်း သိရပါတယ်။
မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၉)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်မှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
ဒါပေမဲ့ အီဂျစ်နဲ့ပွဲမှာ မှတ်တမ်းဆိုးတစ်ခုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
မက်ဆီက အီဂျစ်နဲ့ပွဲမှာ ရရှိတဲ့ပယ်နယ်တီကို ဂိုးဝင်အောင် မသွင်းနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာ ပယ်နယ်တီနှစ်ကြိမ်ဆက် ဂိုးဝင်အောင်မသွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။
မက်ဆီက သြစတြီးယားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုပွဲမှာလည်း ပယ်နယ်တီလွဲချော်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ပယ်နယ်တီ(၈)ကြိမ် ကန်ခဲ့ရာမှာ (၄)ကြိမ်သာ ဂိုးဝင်ခဲ့ကြောင်းလည်း သိရပါတယ်။















