မန်ယူအသင်းဟာ ၂၀၂၆-၂၇ ရာသီအကြိုကာလမှာ PSG အပါအဝင် အသင်း(၆)သင်းနဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
မန်ယူအသင်း ခြေစမ်းယှဉ်ပြိုင်မယ့်အသင်းတွေက ဝရက်ဆမ်၊ ရိုဆင်ဘော့ဂ်၊ အက်သလက်တီကို၊ PSG၊ လိဒ်စ်နဲ့ အေစီမီလန်တို့ဖြစ်ပြီး ဖင်လန်၊ နော်ဝေ၊ ဆွီဒင်၊ အိုင်ယာလန်နဲ့ ပိုလန်နိုင်ငံတွေမှာ လှည့်လည်ယှဉ်ပြိုင်သွားမှာပါ။
မန်ယူအသင်းက ဇူလိုင်(၁၈)မှာ ဝေးလ်စကလပ် ဝရက်ဆမ်အသင်းနဲ့ ဖင်လန်နိုင်ငံမှာ စတင်ခြေစမ်းမှာဖြစ်ပြီး ဇူလိုင်(၂၄)မှာ ရိုစင်ဘော့ဂ်နဲ့ နော်ဝေနိုင်ငံ၊ သြဂုတ်(၁)မှာ အက်သလက်တီကိုနဲ့ ဆွီဒင်နိုင်ငံ၊ သြဂုတ်(၈)မှာ PSG နဲ့ ဆွီဒင်နိုင်ငံ၊ သြဂုတ်(၁၂)မှာ လိဒ်စ်နဲ့ အိုင်ယာလန်နိုင်ငံ၊ သြဂုတ်(၁၅)မှာ အေစီမီလန်နဲ့ ပိုလန်နိုင်ငံတွေမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်(၂၂)မှာ စတင်မှာဖြစ်တာကြောင့် မန်ယူအသင်းက ပရီးမီးယားလိဂ်ရာသီသစ်စတင်ခါနီး တစ်ပတ်အလိုအထိ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားတာပါ။
ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကိုတော့ ဇွန်(၁၉)ရက် သောကြာနေ့မှာ ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတာကြောင့် ပရီးမီးယားလိဂ်၊ FA ဖလား၊ လိဂ်ဖလားတို့နဲ့အတူ ပြိုင်ပွဲ(၄)ခု ဆင်နွှဲသွားရမှာပါ။















