မကြာခင် စတင်ကျင်းပတော့မယ့် ၂၀၂၆ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ နာမည်ကျော် ကိုလံဘီယာအဆိုတော် ရှာကီရာ ပါဝင်ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်။
ရှာကီရာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် Dai Dai လို့အမည်ရတဲ့ သီချင်းကို သီဆိုထားသူဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားမှာ နိုင်ဂျီးရီးယားအဆိုတော် ဘာနာဘွိုင်းနဲ့အတူ ဖျော်ဖြေသွားမှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်(၁၁)ကနေ ဇူလိုင်(၁၉)အထိ ကျင်းပသွားမှာဖြစ်ပြီး ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့က သုံးနိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်တာကြောင့် ဖွင့်ပွဲအခမ်းအနားကိုလည်း အဲဒီသုံးနိုင်ငံစလုံးမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ရှာကီရာကတော့ ပထမဆုံးဖွင့်ပွဲအခမ်းအနားပြုလုပ်မယ့် ဇွန်(၁၁)ရက်နေ့ မက္ကဆီကိုမှာ ဖျော်ဖြေသွားမှာဖြစ်ပြီး တခြားနာမည်ကျော် အဆိုတော်များစွာလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
ရှာကီရာ ပါဝင်ဖျော်ဖြေမယ့် ဖွင့်ပွဲအခမ်းအနားကို မက္ကဆီကို - တောင်အာဖရိကပွဲမတိုင်ခင် မိနစ်(၉၀)အလိုမှာကတည်းက စတင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။
ကနေဒါနဲ့ အမေရိကန်က ဖွင့်ပွဲအခမ်းအနားတွေကိုတော့ ဇွန်(၁၂)ရက်နေ့မှာမှ ပြုလုပ်သွားမှာပါ။
ရှာကီရာဟာ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းကြား အားလပ်ချိန်မှာလည်း မက်ဒေါနား၊ BTS တို့နဲ့အတူ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကြောင်း သိရပါတယ်။















