■ တိုင်ဖွန်းမုန်တိုင်း နူးလ် ချဉ်းကပ်လာသောကြောင့် တရုတ်နိုင်ငံတွင် လူပေါင်း ၂၀၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့

■ တိုင်ဖွန်းမုန်တိုင်း နူးလ် ချဉ်းကပ်လာသောကြောင့် တရုတ်နိုင်ငံတွင် လူပေါင်း ၂၀၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့
Published 25 July 2026

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း နူးလ် တရုတ်နိုင်ငံတောင်ပိုင်းသို့ ချဉ်းကပ်လာမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နိုင်သည့် အန္တရာယ်ရှိသည့်အတွက် လူပေါင်း ၂၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ရထားလမ်းပြေးဆွဲမှုများကို ဆိုင်းငံ့ထားကြောင်း အစိုးရမီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါ မုန်တိုင်းသည် ဇူလိုင် ၂၅ ရက် ညနေပိုင်းနှင့် ၂၆ ရက် နံနက်ပိုင်းအကြား ဟောင်ကောင်မှ ဂွမ်ဒေါင်းပြည်နယ်အထိ သွယ်တန်းနေသော ကမ်းရိုးတန်းဒေသသို့ ဝင်ရောက်တိုက်ခတ်မည်ဟု မျှော်လင့်ရကြောင်း တရုတ်နိုင်ငံ အမျိုးသား မိုးလေဝသဗဟိုဌာနက ပြောကြားခဲ့သည်။

ဂွမ်ဒေါင်းနှင့် အိမ်နီးချင်း ဖူကျန့်ပြည်နယ် အချို့နေရာများတွင် လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ကြုံတွေ့ရနိုင်ကြောင်း သတိပေးပြီးနောက် ဇူလိုင် ၂၄ ရက်တွင် အဆင့် လေးဆင့် ရှိသည့် သတိပေးစနစ်အနက် ဒုတိယအမြင့်ဆုံး အဆင့်ဖြစ်သော "လိမ္မော်ရောင်" မုန်တိုင်းသတိပေးချက်ကို ဆက်လက်ထုတ်ပြန်ထားသည်။

ဂွမ်ဒေါင်းပြည်နယ်တွင် လူပေါင်း ၂၀,ဝဝကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း အစိုးရရုပ်သံ CCTV က ဇူလိုင် ၂၄ ရက်ညပိုင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ပြည်နယ်အတွင်း ပင်လယ်ပြင်၌ ငါးဖမ်းဆီးနေသော ငါးဖမ်းသင်္ဘောများသည် ဆိပ်ကမ်းများသို့ ပြန်လည် ရောက်ရှိလာကြပြီဖြစ်ကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့သည်။

ဇူလိုင် ၂၅ ရက်နံနက်ပိုင်းတွင် ဂွမ်ဒေါင်းပြည်နယ်၌ ရထားခရီးစဉ်အချို့ကို ဆိုင်းငံ့မည်ဖြစ်ပြီး ဇူလိုင် ၂၆ ရက်တွင် ပြည်နယ်အတွင်းရှိ ရထားခရီးစဉ်အားလုံးကို ရပ်နားမည်ဖြစ်ကြောင်း CCTV က ပြောကြားခဲ့သည်။

ဂွမ်ဒေါင်းပြည်နယ်၊ ချောင်းကျိုး မြို့ရှိ ကျောင်းများကိုလည်း ကျောင်းဝင်းအတွင်း ပြုလုပ်သည့် လှုပ်ရှားမှုများကို ဆိုင်းငံ့ထားရန် ညွှန်ကြားထားကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယခုလအတွင်း တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဆိုးရွားသော ရာသီဥတုကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပြီး တိုင်ဖုန်းမုန်တိုင်း မေဆပ်ကြောင့် ဂွမ်ရှီးဒေသတွင် ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူ ၃၉ ဦး သေဆုံးခဲ့သည်။

Ref: AFP

Photo: AFP

 

Most Read

Most Recent