■ မီးလင်းဂျိုင် ၁၃၉ဝ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ရည်နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်းသွယ်တန်းခြင်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ် လေ့လာတွေ့ရှိချက်များ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြ

■ မီးလင်းဂျိုင် ၁၃၉ဝ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ရည်နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်းသွယ်တန်းခြင်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ် လေ့လာတွေ့ရှိချက်များ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြ
Published 25 July 2026

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံ၊ မီးလင်းဂျိုင် ၁၃၉ဝ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ရည်နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်းသွယ်တန်းခြင်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ လေ့လာတွေ့ရှိချက်များအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ Unique Environment Myanmar Co.,Ltd က  ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလင်းဂျိုင်ဒေသမှ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ လှိုင်သာယာပင်မဓာတ်အားခွဲရုံအထိ ၁၈၉ ကီလိုမီတာရှည် ၅၀၀ ကေဗွီ ဓာတ်အားလိုင်း၊ မီးလင်းဂျိုင်မှ အသုတ်ဓာတ်အားခွဲရုံအထိ ၆၉ ဒသမ ၉ ကီလိုမီတာရှည် ၂၃၀ ကေဗွီဓာတ်အားလိုင်းများ ဓာတ်အားလိုင်းသွယ်တန်းခြင်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍  စီမံကိန်းသက်ရောက်မှုရှိနိုင်သည့် ဧရိယာအဖြစ်သတ်မှတ်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လလာမှုလုပ်ငန်းစဉ်တွင် လေထု၊ မြေ၊ ရေ အရည်အသွေးတိုင်းတာခြင်း၊ ဆူညံသံ၊ တုန်ခါမှုတိုင်းတာခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများဆိုင်ရာ လေ့လာခြင်း၊ လူမှုစီးပွားဆိုင်ရာ အခြေခံအချက်များ ကောက်ယူခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လျော့ပါးစေရေး နည်းလမ်းများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်နှင့် ရှေ့ဆက်ဆောင်ရွက်ရန်များ ရှင်းလင်းတင်ပြခဲ့ကြောင်း ဝန်ကြီးချုပ်ထံ တင်ပြချက်နှင့် စပ်လျဉ်း၍ တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များ၊ သက်ဆိုင်ရာဌာနများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုကဲ့သို့ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ၁၃၉ဝ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည်ဖြစ်သောကြောင့် စီမံကိန်းလုပ်ငန်းများပြီးစီးပါက နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် များစွာအကျိုးရှိသည့် စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း၊ ကြီးမားသည့်စီမံကိန်းကြီးဖြစ်၍ ကဏ္ဍတစ်ခုခြင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍  မိမိတို့အစိုးရအဖွဲ့နှင့် စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း”ပြောကြားခဲ့သည်။

အဆိုပါ မီးလင်းဂျိုင်စီမံကိန်းသည် နိုင်ငံအဝှမ်း ဓာတ်အားစနစ်ကွန်ရက်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ၁၀၀ ရာခိုင်နှုန်းသို့  ရောက်ရှိရန်အတွက် အမျိုးသားအဆင့် အဓိကကျသော စီမံကိန်းတစ်ခုဖြစ်ကာ နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန် ခိုင်မြဲသောထုတ်လုပ် နိုင်စွမ်းအား ( Base Load Frim Poewr) ကို သက်သာသည့် ဓာတ်အားခနှုန်းထားဖြင့် ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းဖြစ်ပြီး ယနေ့အထိ စီမံကိန်းလုပ်ငန်းများ ၂၄ ဒသမ ၄ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အစိုးရထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

Most Read

Most Recent