■ ■ အကျင့်ပျက်ဝန်ထမ်းများနှင့် မသာပွဲစားများ၊ပရဟိတအမည်ခံ စီးပွားရှာနေသည့် အသင်းအဖွဲ့များကို ပူးပေါင်းဖော်ထုတ်ကာ ပြတ်ပြတ်သားသား အရေးယူရန် မြောက်ဥက္ကလာဆေးရုံကြီးနှင့် ပရဟိတအသင်းများ ဆွေးနွေး
အကျင့်ပျက်ဝန်ထမ်းများနှင့် မသာပွဲစားများ၊ပရဟိတအမည်ခံ စီးပွားရှာနေသည့် အသင်းအဖွဲ့များကို ပူးပေါင်းဖော်ထုတ်ကာ ပြတ်ပြတ်သားသား အရေးယူရန် မြောက်ဥက္ကလာပဆေးရုံတာဝန်ရှိသူများနှင့် ပရဟိတအသင်းများ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပဆေးရုံကြီးတွင် ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးခဲ့သည့် အမျိုးသမီးအလောင်းကို ရင်ခွဲရုံမှ ထုတ်ယူရာတွင် ငွေညှစ်ခံရခြင်းနှင့်ပတ်သက်ပြီး ဝန်းရံမှူး လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ က လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် ဆေးရုံတာဝန်ရှိသူများနှင့် ပရဟိတအသင်းအချို့ ဇွန် ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ မြောက်ဥက္ကလာပဆေးရုံကြီး၏ ဒုတိယဆေးရုံအုပ်ကြီး၊ မှုခင်းဆရာဝန်ကြီး၊ အရေးပေါ်ဌာန ဆရာဝန်ကြီး၊ ဆေးလူမှုဆက်ဆံရေးအရာရှိများနှင့် ဆေးရုံစီမံခန့်ခွဲမှု (Admin) တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး "ဝန်းရံမှူး" လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပရဟိတအသင်းအဖွဲ့များကွန်ရက် (YRO) ၏ ဒဂုံမြို့သစ်ခရိုင် ဒုတိယဥက္ကဋ္ဌ ဦးချက် (အဖြူရောင်ပရဟိတအသင်း)၊ ဦးမင်းဒင် (ဥက္ကဋ္ဌ - မေတ္တာသင်္ဂဟအသင်း၊ အရှေ့ဒဂုံ) နှင့် ဦးမိုးဆွေ (မြရတနာအသင်း၊ မြောက်ဥက္ကလာပ) တို့မှ တက်ရောက်ခဲ့သည်။
ဆေးရုံကြီးဘက်မှ လက်ရှိကြုံတွေ့နေရသည့် လုပ်ငန်းခွင်အခက်အခဲများကို ပွင့်လင်းစွာ ရှင်းလင်းပြောကြားခဲ့ပြီး ပရဟိတအသင်းများဘက်မှလည်း ပြည်သူကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် မြေပြင်၌ အမှန်တကယ် ကြုံတွေ့နေရသည့် အကျပ်အတည်းများကို ချပြရှင်းလင်းခဲ့ကြောင်း၊ ဆေးရုံကြီးနှင့် ပရဟိတအသင်းများ အချိတ် အဆက်မိမိ ပူးပေါင်းကာ အခြေခံအများပြည်သူများ နာရေး/ကျန်းမာရေးကိစ္စရပ်များတွင် လုံးဝ အခက်အခဲ မတွေ့ရစေရန်အတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း၊ အထူးသဖြင့် ဆေးရုံဘက်မှ "အကျင့်ပျက် ဝန်ထမ်းများနှင့် မသာပွဲစားများ" ကိုလည်းကောင်း၊ ပရဟိတလောကဘက်မှ "ပရဟိတအမည်ခံ စီးပွားရှာနေသည့် အသင်းအဖွဲ့များ" ကိုလည်းကောင်း နှစ်ဦးနှစ်ဖက် လက်တွဲပြီး ပူးပေါင်းဖော်ထုတ်ကာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားကြရန် သဘောတူ ညှိနှိုင်းတိုင်ပင်ခဲ့ကြောင်း ဝန်းရံမှူး လူမှုကယ်ဆယ်ကူညီရေးအသင်း ဥက္ကဌ ကိုထွန်းမြတ်ညွန့်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် နာရေးကိစ္စဖြစ်စဉ် (ရင်ခွဲရုံဝန်ထမ်းများ၏ နှောင့်ယှက်ငွေညှစ်မှု) နှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် ပွင့်လင်းမြင်သာစွာဖြင့် အပြုသဘောဆောင် တိုင်ပင်ဆွေးနွေးခဲ့ပြီး နောင်နောင်တွင် ယင်းကဲ့သို့ ခါးသီးသော ကိစ္စရပ်မျိုး တန်းတူထပ်မံ မဖြစ်ပွားစေရန်အတွက် နှစ်ဦးနှစ်ဖက် ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကာ အလားတူပြဿနာမျိုး ထပ်မံပေါ်ပေါက်လာပါကလည်း အမြန်ဆုံး ချိတ်ဆက်ညှိနှိုင်း အရေးယူဆောင်ရွက်ကြမည်ကို စနစ်တကျ တိုင်ပင်ဆွေးနွေး ခဲ့သည်ဟု သိရသည်။
#ဝန်းရံမှူး #မြောက်ဥက္ကလာဆေးရုံကြီး #elevennews
■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup















