ပန်ကရိယကင်ဆာ ခံစားနေရသည့် လူနာများ၏ အသက်ရှင်သန်နိုင်မှုသက်တမ်းကို နှစ်ဆနီးပါးအထိ တိုးမြှင့်ပေးနိုင်မည့် ဆေးဝါးတစ်မျိုးကို ရှာဖွေတွေ့ရှိ

ပန်ကရိယကင်ဆာ ခံစားနေရသည့် လူနာများ၏ အသက်ရှင်သန်နိုင်မှုသက်တမ်းကို နှစ်ဆနီးပါးအထိ တိုးမြှင့်ပေးနိုင်မည့် ဆေးဝါးတစ်မျိုးကို ရှာဖွေတွေ့ရှိ
Published 4 June 2026

ပန်ကရိယကင်ဆာ ခံစားနေရသည့် လူနာများ၏ အသက်ရှင်သန်နိုင်မှုသက်တမ်းကို နှစ်ဆနီးပါးအထိ တိုးမြှင့်ပေးနိုင်မည့် ဆေးဝါးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါဆေးဝါးစမ်းသပ်မှုသည် ကင်ဆာရောဂါကုသရေးကဏ္ဍတွင် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

daraxonrasib အမည်ရှိ အဆိုပါဆေးဝါးသည် ကင်ဆာရောဂါများအားလုံးအနက် သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်သော ပန်ကရိယကင်ဆာကို ထိန်းချုပ်ကုသရာတွင် သိသာထင်ရှားသည့် တိုးတက်မှုတစ်ခု ဖြစ်လာသည်။

အဆိုပါဆေးဝါးသည် ပန်ကရိယကင်ဆာ အကျိတ်များ၏ ၉၀ ရာခိုင်နှုန်းကျော်တွင် တည်ရှိပြီး ကင်ဆာဆဲလ်များ ကြီးထွားမှုကို တွန်းအားပေးနေသည့် မျိုးဗီဇပြောင်းလဲနေသော KRAS gene ကို ပိတ်ဆို့ဟန့်တားပေးခြင်းဖြင့် ကင်ဆာရောဂါ ပြန့်ပွားမလာအောင် တားဆီးပေးသည်။

မြောက်အမေရိက၊ ဥရောပနှင့် အာရှတို့မှ လူနာပေါင်း ၅၀၀ ပါဝင်ခဲ့သည့် ယင်းစမ်းသပ်မှုအရ ကီမိုဆေးသွင်းကုသမှု ခံယူနေသည့် လူနာများ၏ ပျမ်းမျှ အသက်ရှင်သန်နိုင်မှုသက်တမ်းမှာ ၆ ဒသမ ၆ လ (ရက်ပေါင်း ၂၀၀ ခန့်) ရှိသော်လည်း daraxonrasib ဆေးကို သောက်သုံးသည့် လူနာများတွင်မူ အသက်ရှင်သန်နိုင်မှု သက်တမ်း ၁၃ ဒသမ ၂ လ (ရက်ပေါင်း ၄၀၀ ခန့်) အထိ ရှိကြောင်း တွေ့ရှိခဲ့ရသည်။

"ဒီရလဒ်တွေဟာ KRAS မျိုးဗီဇပြောင်းလဲမှုရှိတဲ့ တခြားအင်္ဂါတွေဆီ ပြန့်ပွားနေတဲ့ ပန်ကရိယကင်ဆာ ခံစားနေရတဲ့ လူနာတွေအတွက် ကုသမှုနယ်ပယ်ကို အကြီးအကျယ် ပြောင်းလဲပစ်လိုက်တာပဲ ဖြစ်ပါတယ်" ဟု အာရီဇိုးနားတက္ကသိုလ် ကင်ဆာစင်တာ၏ သွေးရောဂါနှင့် ကင်ဆာရောဂါအထူးကုဌာန ညွှန်ကြားရေးမှူး ရတ်ချ်နာ ရှရော့ဖ်က ပြောကြားခဲ့သည်။

ပန်ကရိယကင်ဆာသည် များသောအားဖြင့် ရောဂါရင့်မှသာ ရှာဖွေတွေ့ရှိလေ့ရှိပြီး ကုသရန် အလွန်ခက်ခဲလှသည်။

ပန်ကရိယကင်ဆာ ဝေဒနာရှင်များ၏ ထက်ဝက်ကျော်သည် ရောဂါရှိကြောင်း အတည်ပြုသိရှိရပြီး သုံးလအတွင်းမှာပင် သေဆုံးကြသည်။

ဗြိတိန်ကင်ဆာသုတေသနအဖွဲ့၏ အဆိုအရ ဗြိတိန်တွင် နှစ်စဉ် ပန်ကရိယကင်ဆာရောဂါရှင်သစ် ၁၁၅၀၀ ဦးခန့် စစ်ဆေးတွေ့ရှိနေရပြီး သေဆုံးသူ အရေအတွက်မှာ ၁၀၂၀၀ ဦးခန့် ရှိကြောင်း ဖော်ပြထားသည်။

ရောဂါလက္ခဏာများအနေဖြင့် အသားဝါခြင်း၊ အရေပြားယားယံခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ကိုယ်အပူချိန်မြင့်တက်ခြင်းတို့ ပါဝင်သည်။

ပန်ကရိယကင်ဆာ၏ လက္ခဏာများသည် များသောအားဖြင့် ရောဂါအစောပိုင်းအဆင့်တွင် ပေါ်လာလေ့မရှိခြင်း၊ အခြားသော ကျန်းမာရေးအခြေအနေများကြောင့် ဖြစ်ပွားသည့် ရောဂါလက္ခဏာများနှင့် ဆင်တူနေနိုင်ခြင်းတို့ကြောင့် ရောဂါအဖြေရှာရန် ခက်ခဲခြင်း ဖြစ်သည်။

အမေရိကန် သိပ္ပံပညာရှင်များ ဦးဆောင်ပြီး ချီကာဂိုမြို့တွင် ပြုလုပ်သည့် အမေရိကန် ကင်ဆာဆေးပညာအသင်း (ASCO) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် တင်ပြခဲ့သော ယခုစမ်းသပ်မှု၌ daraxonrasib ဆေးဝါး တိုက်ကျွေးသည့် လူနာ ၂၄၈ ဦးနှင့် ကီမိုဆေးသွင်းကုသမှု ခံယူသည့် လူနာ ၂၅၂ ဦး ပါဝင်ခဲ့သည်။

အဆိုပါလူနာအများစုတွင် KRAS gene ၏ မျိုးဗီဇပြောင်းလဲမှုများရှိသည့် ကင်ဆာအကျိတ်များ ရှိနေကြသူများ ဖြစ်သည်။

တစ်နေ့လျှင် တစ်ကြိမ်သာ သောက်သုံးရန် လိုအပ်သော daraxonrasib ဆေးဝါးသည် လူနာများ၏ သက်တမ်းကို သိသိသာသာ တိုးမြင့်ပေးနိုင်သည့်အပြင် ကီမိုဆေးသွင်းကုသမှုနှင့် နှိုင်းယှဉ်ပါက ဘေးထွက်ဆိုးကျိုး ခံစားရမှုလည်း ပိုမိုနည်းပါးသည်။

ကီမိုဆေးသွင်းကုသမှု ခံယူနေသည့် လူနာများတွင် ပြင်းထန်သော ဘေးထွက်ဆိုးကျိုး ခံစားရမှုနှုန်း ၅၇ ဒသမ ၅ ရာခိုင်နှုန်း ရှိသော်လည်း daraxonrasib ဆေးကိုသောက်သုံးသည့် လူနာများတွင်မူ ဘေးထွက်ဆိုးကျိုး ခံစားရမှုနှုန်း ၄၃ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရှိရသည်။

"ဒါဟာ ကျွန်မတို့ ပန်ကရိယကင်ဆာ ကုသရေးနယ်ပယ်မှာ နှစ်ပေါင်းများစွာအတွင်း မတွေ့ခဲ့ရဖူးတဲ့ စိတ်အလှုပ်ရှားရဆုံး တိုးတက်ပြောင်းလဲမှုတွေထဲမှာ ပါဝင်နေပါတယ်" ဟု ဗြိတိန် ပန်ကရိကကင်ဆာရောဂါသည်များအတွက် ကူညီဆောင်ရွက်ပေးနသည့် Pancreatic Cancer UK အဖွဲ့၏ ဝန်ဆောင်မှု၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ညွှန်ကြားရေးမှူး အန်နာ ဂျူးဝဲလ်က ပြောကြားခဲ့သည်။

"ကျွန်မတို့ အချစ်ရဆုံးသူတွေနဲ့အတူ အချိန်ပိုရရှိနိုင်ဖို့ဆိုတာ တကယ်ကို အဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။ ဒီလို အလားအလာအကောင်းဆုံး ကုထုံးသစ်တွေကို ဗြိတိန်မှာ အမြန်ဆုံး ရရှိအသုံးပြုနိုင်စေဖို့အတွက် ကျွန်မတို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်သွားရပါမယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: BBC

Photos- Reuters

Most Read

Most Recent