ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီဈေး ဆက်တိုက်ကျဆင်းနေပြီး ဒီဇယ်ဆီဈေးနှုန်း အနည်းငယ် တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင်စက်သုံးဆီဈေးနှုန်းများမှာ ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၃၂၁၀ ကျပ်၊ ၉၅ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၃၂၈၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၃၁၇၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၈၉၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် တပတ်က ထုတ်ပြန်ခဲ့သည့် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ၉၂ အမျိုးအစားဓာတ်ဆီတစ်လီတာလျှင် ၄၀ ကျပ်နှင့် ၉၅ အမျိုးအစားဓာတ်ဆီတစ်လီတာလျှင် ၂၅ ကျပ် ထပ်မံကျဆင်းခဲ့သည်။
သို့သော် ကမ္ဘာ့ရေနံဈေးမြင့်တက်လာသဖြင့် ဒီဇယ်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာခဲ့ပြီး ဒီဇယ်တစ်လီတာလျှင် ၈ဝကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၀၅ ကျပ်ဈေးမြင့်တက်လာခဲ့သည်ကို တွေ့ရသည်။
" ဓာတ်ဆီဈေးကတော့ ဆက်တိုက်ကျလာတယ်။ ကျောင်းကလည်း ဖွင့်ပြီဆိုတော့ အကုန်အကျတော့ နည်းနည်းသက်သာသွားတယ်။ ဆီဖိုးက အရင်ကထက်စာရင် သက်သာသွားတယ်။ ဒါပေမဲ့ စုံ/မက ရှိနေသေးတော့ နည်းနည်းတော့ အဆင်မပြေသေးဘူး" ဟုရန်ကုန်မြို့တွင်း နေထိုင်သည့် ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ တပတ်အတွင်း ပြောင်းလဲမှုရှိမည်မဟုတ်ဘဲ ပုံမှန်အတိုင်းသာ ဆက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍
နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။















