ထိုင်းအစိုးရက America’s Got Talent (AGT) ပြိုင်ပွဲမှတစ်ဆင့် လူသိများလာသူ ဆယ်ကျော်သက်အဆိုတော် နေနေရွိုင်ယယ်အတွက် ပံ့ပိုးကူညီမှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
အစိုးရက ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများတွင် နေနေ၏အခန်းကဏ္ဍကို မြှင့်တင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲနှင့် ပတ်သက်သည့် စရိတ်စကများကိုလည်း ပံ့ပိုးပေးသွားမည်။ ထို့ပြင် သြဂုတ်တွင် ကျင်းပမည့် ပြိုင်ပွဲနောက်တစ်ဆင့်အတွက် ထိုင်းပြည်သူများအနေဖြင့် နေနေကို မဲပေးကြရန်လည်း အစိုးရက တိုက်တွန်းနေသည်။
ခရီးသွားနှင့် အားကစားဝန်ကြီး ဆူရာဆတ်က ဇူလိုင် ၁၄ ရက်တွင် အစိုးရအိမ်တော်၌ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့မှ ကိုယ်စားလှယ်များ ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံပြီးနောက် အစိုးရက နေနေ၏ ပြိုင်ပွဲစရိတ်များအပါအဝင် AGT ပြိုင်ပွဲဝင်ရောက်မှုနှင့် ပတ်သက်သည့် ကဏ္ဍတိုင်းတွင် ပံ့ပိုးပေးရန်အသင့်ဟု ကြေညာခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က နေနေအား ပြိုင်ပွဲအတွက် အားပေးသည့်အနေဖြင့် Amazing Thailand တံဆိပ်ရင်ထိုးနှင့် အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ကြိုးပမ်းခဲ့ခြင်းနှင့် ထိုင်းလူငယ် အနုပညာရှင်များအတွက် စံပြဖြစ်စေခြင်းတို့အတွက် နေနေ၏ အရည်အချင်းနှင့် ဇွဲလုံ့လကို ဝန်ကြီးချုပ်က ချီးကျူးခဲ့သည်။
နေနေကလည်း AGT Audition တွင် ၎င်း ဂစ်တာတီးဆိုပြခဲ့သည့် The Cranberries အဖွဲ့၏ Zombie သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
နေနေက ထိုင်းပြည်သူများ၏ အားပေးမှုအတွက် ကျေးဇူးတင်စကားဆိုခဲ့ပြီး ဆက်လက်အားပေးရန်နှင့် ပြိုင်ပွဲနောက်တစ်ဆင့်အတွက် မဲပေးကြရန် တောင်းဆိုခဲ့သည်။ “အခုချိန်ထိ ကျွန်မ နာမည်ကြီးလာပြီဆိုတာကို မယုံနိုင်သေးဘူး။ အရာအားလုံးက အရမ်းမြန်ဆန်လွန်းလို့ ကျွန်မရဲ့ဘဝ အများကြီး ပြောင်းလဲသွားပြီ။ ခုဆို ဘယ်သွားသွား လူတွေက ကျွန်မကို သိနေကြပြီ။ အပြင်မထွက်ရဲတော့ဘူး” ဟု နေနေက ရယ်စရာအဖြစ် ပြောပြသည်။
နေနေ၏ အကြီးမားဆုံး ရည်မှန်းချက်က နိုင်ငံကျော်အဆိုတော် ဖြစ်လာရန်၊ ကိုယ်ပိုင်သီချင်းများ ထုတ်ရန်နှင့် ကမ္ဘာ့လှည့်ဖျော်ဖြေပွဲများ ပြုလုပ်ရန်တို့ဖြစ်သည်။ သီချင်းသစ် နှစ်ပုဒ်သုံးပုဒ် ထွက်နိုင်ရန် ပြင်ဆင်နေသည်ဟုလည်း ၎င်းကပြောသည်။
Ref:Khaosod English















