■ ဥရောပတစ်ခွင်စံချိန်တင်အပူဒဏ်ကြုံနေရချိန် ပြင်သစ်တွင် ဓာတ်အားပြတ်တောက်မှု အကြီးအကျယ် ဖြစ်ပေါ်

■ ဥရောပတစ်ခွင်စံချိန်တင်အပူဒဏ်ကြုံနေရချိန် ပြင်သစ်တွင် ဓာတ်အားပြတ်တောက်မှု အကြီးအကျယ် ဖြစ်ပေါ်
Published 24 June 2026

ဥရောပတစ်ခွင် စံချိန်တင်အပူလှိုင်းဒဏ်ကို ပြင်းထန်စွာ ခံစားနေရစဉ် ပြင်သစ်နိုင်ငံ၌ လျှပ်စစ်မီးများ အကြီးအကျယ် ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၂၄ ရက်တွင် ဥရောပတစ်လွှား အပူချိန်များ ထပ်မံမြင့်တက်လာခဲ့ပြီး စံချိန်တင် အပူလှိုင်းကြောင့် လူပေါင်းသောင်းနှင့်ချီ၍ လျှပ်စစ်ဓာတ်အားပြတ်‌တောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ပုံမှန်အားဖြင့် ပြင်းထန်သော အပူဒဏ်ကို ခံနိုင်ရည်ရှိရန် ပြင်ဆင်ထားခြင်းမရှိသည့် ဥရောပတိုက်တွင် ယခုအခါ အပူဒဏ်ကြောင့် အဲကွန်းအရောင်းသွက်လျက်ရှိကြောင်း သိရသည်။

လေပူများ ရက်ချီပိတ်မိနေသည့် လေထုပုံစံများကြောင့် ပြင်းထန်မိုးလေ၀သ ဖြစ်ပေါ်ခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးပူနွေးမှုက ထိုအချက်များကို ပိုမိုဆိုးရွားစေသည်ဟု ပညာရှင်များက ပြောကြားသည်။

​ဇွန် ၂၃ ရက်က ပြင်သစ်နိုင်ငံ၏ တိုင်းတာရေးစခန်း ၃၀ မှ နေ့ညအပူချိန်များကို ပျမ်းမျှတွက်ချက်ထားသည့် အမျိုးသား အပူချိန်ပြညွှန်းကိန်းသည် ၂၉.၈ ဒီဂရီဆဲလ်စီယပ်သို့ ရောက်ရှိခဲ့ရာ၊ ၎င်းမှာ ၁၉၄၇ ခုနှစ်တွင် စတင်တိုင်းတာခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးစံချိန် ဖြစ်လာခဲ့သည်။

​AFPသတင်းဌာန၏ တွက်ချက်မှုများအရ ပြင်သစ်နိုင်ငံရှိ ဒေသလေးခု၌ဇွန် ၂၄ ရက်တွင်အမြင့်ဆုံး အပူချိန်သတိပေးချက်အဆင့် သတ်မှတ်လိုက်ရသဖြင့် လူဦးရေ ၄၄ သန်းခန့် အပူဒဏ်ဘေးနှင့် ရင်ဆိုင်နေရသည်။

ယင်းအပြင် လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသည့် ဒေသ ၃၁ ခုနှင့် ပေါင်းလိုက်ပါက ပြင်သစ်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အလွန်အမင်း ပြင်းထန်သောအပူဒဏ်ကို ခံစားနေရခြင်း ဖြစ်သည်။

ဇွန် ၂၄ ရက်တွင် အနောက်မြောက်ဘက်ရှိ ဘရစ်တန်နီ ဒေသမှသည် ပါရီဒေသနှင့် အနောက်တောင်ဘက် ဒေသအများစုတွင် အပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်မှ ၄၁ ဒီဂရီဆဲလ်စီယပ်အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

​အနောက်မြောက်ပိုင်း ဖီနစ်စတာ ဒေသရှိ လျှပ်စစ်ထရန်စဖော်မာတစ်ခု အပူလွန်ကဲကာ ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၂၄ ရက်တွင် အိမ်ထောင်စုပေါင်း ၆၈,၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်ခဲ့ရသည်။ ၎င်းမှာ ယခုအပူလှိုင်းအတွင်း နိုင်ငံတွင်း ပထမဆုံးအကြိမ်အဖြစ် အကြီးအကျယ်ဓာတ်အား

ပြတ်တောက်မှု ဖြစ်သည်။

​တာဝန်ရှိသူများက ဇွန် ၂၃ ရက်ညဉ့်နက်ပိုင်းမှစ၍ ပြုပြင်ရေးလုပ်ငန်းများကို တစ်ညလုံး လုပ်ဆောင်ခဲ့ကြသော်လည်း အစောဆုံးအ‌နေဖြင့် ဇွန် ၂၄ ရက် ကုန်ချိန်အထိ ဓာတ်အားအပြည့်အဝပြန်ရရန် မသေချာသေးကြောင်း သိရသည်။

​သိပ္ပံပညာရှင်များ၏ ပြောကြားချက်အရ လူသားတို့ကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှုများ မတိုင်မီက တည်ဆောက်ခဲ့သော အခြေခံအဆောက်အအုံများသည် ယခုကဲ့သို့ ရက်ရှည်ပြီး ပိုမိုပြင်းထန်လာသည့် အပူဒဏ်ကို မခံနိုင်တော့ဘဲ ဖြစ်နေရကြောင်း သိရသည်။

ထို့ကြောင့် ဇွန် ၂၃ ရက်နှောင်းပိုင်းအထိ အပူဒဏ်ကြောင့် လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို သုံးစွဲသူပေါင်း ၁၀၆,၀၀၀ ကျော်အထိ ကြုံတွေ့ခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent