ဟင်္သာတမြို့၌ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ဗိုလ်မောင်စိန် တိုက်တန်း မီးလောင်မှုဖြစ်ပွား

ဟင်္သာတမြို့၌ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ဗိုလ်မောင်စိန် တိုက်တန်း မီးလောင်မှုဖြစ်ပွား
Published 20 May 2026

ဟင်္သာတမြို့၌ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ဗိုလ်မောင်စိန်တိုက်တန်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ မေလ(၁၉)ရက်၊ ည (၁၁)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 “ပတ္တမြားရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့  ဗိုလ်မောင်စိန်တိုက်တန်း မီးလောင်မှုဖြစ်ပွား ခြင်းဖြစ်ပါတယ်။ (၁၂၇)ပေ ၊ (၄၅)ပေ ၊ ပေ (၃၀)ရှိ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အဆောက်အဦး မီးလောင်တာပါ။မီးသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၃)စီးနဲ့ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေ  သတင်းရရချင်း ထွက်ခွာငြှိမ်းသတ်ပေးခဲ့ပါတယ်။ မြို့လယ်လည်းဖြစ်တော့ နောက်ထပ်အိမ်တွေမီးမကူးစက်ဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

“အဆောက်အဦးက စားသုံးသူရေးရာဦးစီးဌာနပိုင်  ဗိုလ်မောင်စိန်တိုက်တန်းလျားဖြစ်ပါတယ်။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ကြေညာပြီးဖြစ်တဲ့ သက်တမ်းရှည်အဆောက်အဦးဖြစ်ပါတယ်။ (၁၉၅၁)အစိုးရအိမ် ဥပစာကျူးကျော်မှု ဥပဒေအရလည်း နှင်ထားပြီးဖြစ်ပေမယ့် မဖယ်သေးသူတော့ရှိပါတယ်။ (၁၂)ခန်းကို နှစ်ခန်းပဲ လက်ရှိလူရှိပါတယ်။ အခုဖြစ်စဉ်မှာတော့ လူထိခိုက်မှုရှိတယ်လို့ မကြားရပါဘူး  ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

 “ ကျွန်တော်တို့ ရောက်တဲ့အချိန် လူနာကူညီခဲ့ရတာတော့ မရှိပါဘူး။ ကျွန်တော်တို့ထက် အရင်ရောက်တဲ့ ယာဉ်ထိန်းကားကတော့ လူတစ်ယောက်ကို ဆေးရုံပို့ပေးခဲ့ရတယ်ပြောပါတယ်။  အဲဒီ့နားမှာနေတဲ့ အသက် ၆၀ ကျော် အမျိုးသမီးကြီး လန့်ပြီးလဲသွားလို့ ဆေးရုံကို ယာဉ်ထိန်းကားနဲ့ပဲ ပို့ပေးခဲ့ရတယ်ပြောပါတယ်။ ကျွန်တော်တို့ကတော့ မှောင်နေတဲ့နေရာတစ်ခွင် မီးငြှိမ်းသတ်ရေးအဆင်ပြေအောင် ကားပေါ်ကနေ မီးစက်နဲ့ lighting ပေးပြီးကူညီခဲ့ပါတယ်။ မီးကြွင်းမီးကျန်ငြှိမ်းပြီးချိန် မနက်(၂)နာရီထိ စောင့်ဆိုင်းကူညီပေးခဲ့ပါတယ်ဟု ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။

အဆိုပါဖြစ်စဉ်၌ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent