အမေရိကန်ပြည်နယ်အများအပြားတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည့် အစားအစာမှတစ်ဆင့် ကူးစက်သော ကပ်ပါးပိုးကြောင့် ဖျားနာနေကြသည်ဟု အမေရိကန် ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
အမေရိကန်အလယ်ပိုင်း မီချီဂန်ပြည်နယ်သည် Cyclosporiasis ရောဂါကူးစက်မှု၏ ဗဟိုချက်ဖြစ်နေပြီး ပြည်နယ်အာဏာပိုင်များ၏ ဇူလိုင် ၁၀ ရက်အထိ ထုတ်ပြန်ချက်အရ လူနာဦးရေ ၁,၅၆၂ ဦး ရှိနေပြီဖြစ်သည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏ ဇူလိုင် ၉ ရက်အထိ ထုတ်ပြန်ချက်အရ ပြည်နယ်ပေါင်း ၃၁ ခုတွင် ယခု အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရမှုများ ရှိနေကြောင်းနှင့် ဆေးရုံတက်ကုသရသူ ဆယ်ဂဏန်းချီရှိသော်လည်း သေဆုံးသူမရှိသေးကြောင်း သိရသည်။
ကျန်းမာရေးတာဝန်ရှိသူများအနေဖြင့် ယေဘုယျအားဖြင့် လတ်ဆတ်သော လယ်ယာထွက်ကုန်များမှ စတင်တတ်သည့် ယခု ကူးစက်မှု၏ အရင်းအမြစ်ကို အတိအကျ မဖော်ထုတ်နိုင်သေးပေ။
ရောဂါလက္ခဏာများသည် ပိုးကူးစက်ခံရပြီးနောက် အချိန်အတော်ကြာမှ ပေါ်လာလေ့ရှိသဖြင့် ရောဂါပိုးစတင်ရာ အရင်းအမြစ်ကို ဖော်ထုတ်နိုင်ရန် ခက်ခဲနေခြင်းဖြစ်သည်။
အတိတ်ကာလများအတွင်းက ထုပ်ပိုးထားသော အသုပ်စုံအိတ်များ၊ လတ်ဆတ်သော နံနံပင်၊ ပင်စိမ်း၊ ရက်စ်ဘယ်ရီသီး ၊ ပဲသီးနှင့် ကြက်သွန်မြိတ် အစရှိသည့် အစားအစာများသည် ယခု ကူးစက်ရောဂါနှင့် ဆက်စပ်မှုရှိခဲ့ဖူးသည်။
ဆေးဝါးကုသမှုမခံယူပါက ယခုရောဂါသည် တစ်လထက်မက ကြာရှည်နိုင်သည်။ ပြည်သူ့ကျန်းမာရေး အာဏာပိုင်များ၏ ပြောကြားချက်အရ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမျိုး ယေဘုယျအားဖြင့် မရှိသော်လည်း ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။
မီချီဂန်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးရှိ တာဝန်ရှိသူများက လယ်ယာထွက်ကုန်များကို သေသေချာချာ ဆေးကြောရန် သို့မဟုတ် ပို၍ကောင်းမွန်သည်မှာ ချက်ပြုတ်စားသောက်ရန် အကြံပြုထားကြသည်။
အဘယ်ကြောင့်ဆိုသော် ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ်ထက်မြင့်သော အပူချိန်သည် အဆိုပါ ကပ်ပါးပိုးကို သေစေနိုင်သောကြောင့်ဖြစ်သည်။
အတန်ငယ်ရှည်လျားသော ရောဂါပိုးပျိုးရက်နောက်ပိုင်းမှသာ ရောဂါလက္ခဏာများ နောက်ကျပြီးမှ ပေါ်လာတတ်သည့်အပြင် ပြည်နယ်တစ်ခုနှင့်တစ်ခု သတင်းပို့တင်ပြပုံချင်း မတူညီကြခြင်းကြောင့်လည်း ယခုရောဂါကူးစက်မှု အတိုင်းအတာပမာဏကို သိရှိနားလည်နိုင်ရန် ပိုမိုရှုပ်ထွေးနေရသည်။
Ref: AFP














