အထူးကုဆေးရုံ (မင်္ဂလာဒုံ)တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အထူးကုဆေးရုံ (မင်္ဂလာဒုံ)တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီး တို့က သွားနှင့်ခံတွင်းရောဂါအထူးကုဌာနကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး သံဃာတော်အပါး (၅၀) အား အံကပ်တပ်ဆင်ပေးနေမှု၊ သွားနှင့်ခံတွင်းရောဂါအထူးကုသခန်းများ၊ သွားနှင့်ခံတွင်းအထူး ဓာတ်မှန်ခန်းတို့ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးပြည့်ဝသော သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူများလက်လှမ်းမီ ရရှိနိုင်ရေးအတွက် သွားနှင့်ခံတွင်းအထူးကုဆေးရုံကို နေပြည်တော်၌လည်းကောင်း၊ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနများကို မန္တလေးပြည်သူ့ဆေးရုံကြီး ကန်တော်နဒီကုသဆောင်တွင်လည်းကောင်း၊ ရန်ကုန်တွင် အထူးကုဆေးရုံ(သာကေတ)နှင့် ရန်ကုန်တက္ကသိုလ်ဆေးရုံတို့တွင်လည်းကောင်း ယခုအထူးကု ဆေးရုံ(မင်္ဂလာဒုံ) တွင်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် သွားနုတ်ခြင်း၊ သွားဖာခြင်း၊ သွားစိုက်ခြင်း၊ သွားကျောက်ခြစ်ခြင်း၊ အံကပ်တပ်ဆင်ခြင်း အစရှိသည့် ကုသမှုများကို လာရောက်ကုသမှုခံယူနိုင်သည်။















