ပွဲပယ်ချမှတ်ခံရသည့် မောင်မောင်လွင်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး ထပ်မံကျူးလွန်ပါက ပိုမိုပြင်းထန်သည့် ပြစ်ဒဏ််ဖြင့်အရေးယူမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် ရတနာပုံ FC နှင့် ရန်ကုန်ယူနိုက်တက်တို့ပွဲစဉ်တွင် ပွဲကြည့်စင်၌ ကြည့်ရှူနေသည့်အမျိုးသမီးကို ကိုယ်ထိလက် ရောက်ကျူးလွန်မှုဖြင့် မောင်မောင်လွင်မှာ အရေးယူခံရခြင်း ဖြစ်သည်။
ယင်းသို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် မောင်မောင်လွင်က အယူခံတင်သွင်းခဲ့ရာ MFF က လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။
စည်းကမ်းထိန်းသိမ်းရေးကော်မတီက ချမှတ်ထားသည့် ခြောက်လ ကွင်းပိတ်ပြစ်ဒဏ်အား ဇွန် ၁ ရက်နေ့မှစတင်ကာ ကင်းလွတ်ခွင့်ပြု (ရုပ်သိမ်း) ပေးလိုက်ပြီး၊ အလားတူ ဖြစ်စဉ်မျိုး နောက်ထပ်တစ်ကြိမ် ထပ်မံကျူးလွန်ပါက ယခုထက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ပြောင်းလဲသတ်မှတ်လိုက်သည်ဟု MFF က ထုတ်ပြန်သည်။
မောင်မောင်လွင်မှာ အသက် (၁၉) နှစ်အောက် အမျိုးသားလက်ရွေးစင်အသင်းမှစတင်၍ မြန်မာ့လက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပြိုင်ပွဲများ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ကြိုးစားအားထုတ်ခဲ့ခြင်း၊ လက်ရွေးစင်အသင်းခေါ်ယူမှုများတွင် ပျက်ကွက်ခြင်းမရှိဘဲ ပြည်တွင်း/ပြည်ပ နိုင်ငံတကာပွဲပေါင်း (၇၆) ပွဲ စွမ်းစွမ်းတမံ ပါဝင်ကစားပေးခဲ့ခြင်း၊ လက်ရှိတွင်လည်း မြန်မာ့လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူကာ မျိုးဆက်သစ်ကစားသမားများနှင့်အတူ အောင်မြင်မှုရရန် ကြိုးပမ်းနေခြင်းနှင့် ကစားသမားကိုယ်တိုင် အမှားကိုသိရှိပြီး တောင်းပန်ခဲ့ခြင်းတို့ကြောင့် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ခြင်းဟု MFF က ထုတ်ပြန်သည်။
Photos: Mg Mg Lwin Facebook















