အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံအနီးတွင် အသက်ခြောက်ဆယ်ကျော်အရွယ် အဘွားအိုတစ်ဦး YBS ကြိတ်ခံရပြီး သေဆုံးမှု မေ ၁၁ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၁၁ ရက်၊ နံနက် ၉ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံအနီးတွင် YBS 88 ယာဉ်တစ်စီး ယာဉ်အနောက်သို့ ဆုတ်ကာမောင်းနှင်စဉ် ရပ်နေသည့် အဘွားအိုတစ်ဦးအား တိုက်မိပြီး ကြိတ်မိခဲ့ခြင်း ဖြစ်ကြောင်း ကနောင်နာရေးရှင်ရေးကူညီမှုအသင်းအင်းစိန်မှ စုံစမ်းသိရှိရသည်။
"YBS 88 က ယာဉ်က ဂိတ်ကစထွက်တဲ့ အချိန်ပါ။ ထွက်ဖို့ ကားကို အနောက်ကို ဆုတ်တာပါ။ အဲ့မှာ ယာဉ်မောင်းက ကားနောက်မှာ ရပ်နေတဲ့ အဘွားကို မမြင်ဘဲ ကားနဲ့တိုက်မိတယ်။ နောက်ဘီးနဲ့ ကြိတ်မိတာပါ။ ကြိတ်ခံရတဲ့ အဘွားက ဦးခေါင်းတွေလည်း ကြေတယ်"ဟု ကနောင်နာရေးရှင်ရေး ကူညီမှုအသင်းအင်းစိန်မှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။
သေဆုံးခဲ့သည့် အလောင်းအား အင်းစိန်ဆေးရုံသို့ ကနောင်နာရေးရှင်ရေးကူညီမှုအသင်းအင်းစိန်မှ ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ကနောင်နာရေးရှင်ရေးကူညီမှုအသင်းအင်းစိန်















