မက္ကဆီကိုအသင်းနဲ့ နည်းပြ အဂွီရီး လမ်းခွဲခဲ့ပြီး နည်းပြသစ် ရာဖေးလ်မားကွက်ဇ် အောင်မြင်မှုရရှိလိမ့်မယ်လို့ သုံးသပ်

မက္ကဆီကိုအသင်းနဲ့ နည်းပြ အဂွီရီး လမ်းခွဲခဲ့ပြီး နည်းပြသစ် ရာဖေးလ်မားကွက်ဇ် အောင်မြင်မှုရရှိလိမ့်မယ်လို့ သုံးသပ်
Photo: X
Photo: X
Published 6 July 2026

မက္ကဆီကိုအသင်းရဲ့ ၀ါရင့်နည်းပြ အဂွီရီးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

မက္ကဆီကိုအသင်းကို (၃)ကြိမ်မြောက် ကိုင်တွယ်ခဲ့တဲ့ အဂွီရီးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိသာ စာချုပ်ချုပ်ဆိုထားတာကြောင့် မက္ကဆီကိုအသင်း (၁၆)သင်းအဆင့်က ထွက်ခဲ့ရတဲ့နောက် လမ်းခွဲခဲ့တာပါ။

မက္ကဆီကိုအသင်းမှာ ၂၀၂၄ ခုနှစ်ကစပြီး လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကစားသမားဟောင်း ရာဖေးလ်မားကွက်ဇ်က နည်းပြသစ်အဖြစ် ပြောင်းလဲကိုင်တွယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

'' အောင်ပွဲနဲ့အတူ ကျွန်တော် နှုတ်ဆက်စကား ပြောချင်ခဲ့တာပါ။ ဒါကြောင့် နာကျင်ရပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ ကွင်းထဲက ခေါင်းမော့ပြီး ထွက်ခွာဖို့ လိုအပ်ခဲ့ပါတယ်။ ဒီနေ့ အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ကို ကျေးဇူးတင်ပါတယ်။ ကစားသမားတွေက ကျွန်တော့်ကို အရမ်းပျော်ရွှင်ရအောင် လုပ်ပေးခဲ့ပါတယ်။ ကျွန်တော် ဂုဏ်ယူစွာ ထွက်ခွာရတာပါ။ မားကွက်ဇ် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးပါတယ်။ သူက လုပ်နိုင်တယ်ဆိုတာထက် ပိုပါတယ်။ သူက ကျွန်တော့်ထက် ပိုကောင်းမှာပါ'' လို့ အဂွီရီးက ပြောကြားခဲ့ပါတယ်။

ရာဖေးလ်မားကွက်ဇ်(၄၇ နှစ်)က ကမ္ဘာ့ဖလားပြိုင်ပွဲ (၅)ကြိမ်ယှဉ်ပြိုင်ဖူးတဲ့ ကစားသမားဖြစ်ပြီး ဘာစီလိုနာအသင်းမှာလည်း အောင်မြင်မှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။

ရာဖေးလ်မားကွက်ဇ်က ၂၀၁၈ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ နည်းပြလောကထဲ စတင်ဝင်ရောက်ခဲ့တာပါ။

 

Most Read

Most Recent