■ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် လူသေဆုံးမှုဖြစ်ပေါ်ပါက သေဒဏ်အထိ ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားလွှတ်တော်တွင် တင်သွင်း

■ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် လူသေဆုံးမှုဖြစ်ပေါ်ပါက သေဒဏ်အထိ ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားလွှတ်တော်တွင် တင်သွင်း
Published 3 June 2026

ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် လူသေဆုံးမှုဖြစ်ပေါ်ပါက သေဒဏ်အထိ ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ (ဇွန် ၃ ရက်) တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယခုဥပဒေသည် အွန်လိုင်းလိမ်လည်မှုကို နိုင်ငံတော်အတွင်း အခြေမပြုနိုင်ရေး၊ ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံ အစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ နယ်စပ်ဒေသများမှတစ်ဆင့် နိုင်ငံတော်အတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုဆိုင်ရာမှုခင်းများကို ကျူးလွန်ခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်နိုင်ရန်၊ အွန်လိုင်းလိမ်လည်မှုဆိုင်ရာမှုခင်းများကို အမြစ်ပြတ်ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ဥပဒေကြမ်း တင်သွင်းရာတွင် ပြောကြားသည်။

“အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းတွင် အွန်လိုင်းလိမ်လည်မှုဆိုင်ရာမူခင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်အတွက် အွန်လိုင်းလိမ်လည်တိုက်ဖျက်ရေးကြီးကြပ်မှုကော်မတီ၊ ဒေသဆိုင်ရာကော်မတီနှင့် အွန်လိုင်းလိမလ်လည်မှုတိုက်ရေးဗဟိုဌာန (Anti Scan Center) ဖွဲ့စည်းခြင်း၊ တားဆီးကာကွယ်ခြင်း၊ သတင်းအချက်အလက် ဖလှယ်ခြင်း၊ ငွေးကြေးစီးဆင်းမှုကို ယာယီဆိုင်းငံ့ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအချက်များကို ပြည့်စုံစွာ ပြုစုရေးဆွဲထားခဲ့ပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ဥပဒေကြမ်း တင်သွင်းရာတွင် ပြောကြားသည်။

အဆိုပါ ဥပဒေမူကြမ်းတွင် ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းများ ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်ရာအ စိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအကြား သတင်းအချက်အလက် ဖလှယ်နိုင်မည့်စနစ်တစ်ခု ထူထောင်နိုင်ရန်၊ အွန်လိုင်းလိမ်လည်မှုပြုလုပ်သည့်နေရာတွင် တရားမဝင် ရောက်ရှိနေသော နိုင်ငံခြားသားများကို စိစစ်ထိန်းသိမ်းနိုင်ရန်၊ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာမှ ရရှိလာသည့် အကျိုးအမြတ်များကို သိမ်းဆည်းခြင်း၊ စီမံခန့်ခွဲခြင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်းလည်း ဥပဒေကြမ်း၏ ရည်ရွယ်ချက်အခန်းတွင် ဖော်ပြထားသည်။

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်မည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် တိုင်းမှူးများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန ခုနစ်ခုမှ ဒုတိယဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့ နေချုပ် ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ဌာနမှူး ဆက်သွယ်ရေးနှင့် သတင်းနည်းပညာဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ပြည်ထဲရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး မှုခင်းဌာန/ မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ပြည်ထဲရေးဝန်ကြီးဌာန၊ ဌာနမှူး နည်းပညာဌာနမှုခင်း ရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပါဝင်မည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။    

ယင်းဥပဒေကြမ်း၏ အခန်း (၁၁) တား မြစ်ချက်များအခန်းတွင် ပုဒ်မ ၃၁ မှ ပုဒ်မ ၅၀ အထိပါဝင်ပြီး အဆိုပါ ပုဒ်မများတွင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခြင်းများနှင့် ပတ်သက်၍ တားမြစ်ချက်များ ဖော်ပြထားသည့်အပြင် ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများ လိုက်နာဆောင်ရွက်ရ မည့် တားမြစ်ချက်များကိုလည်း ဖော်ပြထားသည်။

အခန်း (၁၂) ပြစ်ဒဏ်များအခန်း ပုဒ်မ ၅၁ တွင် မည်သူမဆို ပုဒ်မ ၃၁၊ ပုဒ်မ ၃၄၊ ပုဒ် မ ၃၅ သို့မဟုတ် ပုဒ်မ ၄၉ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် သိန်းတစ်ရာမှ အများဆုံး ကျပ်သိန်းငါးရာအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော် ပြထားသည်။

ပုဒ်မ ၅၂ တွင် မည်သူမဆို ပုဒ်မ ၃၂၊ ပုဒ်မ ၃၃၊ ပုဒ်မ ၃၆၊ ပုဒ်မ ၃၇၊ ပုဒ်မ ၃၈၊ ပုဒ်မ ၃၉၊ ပုဒ်မ ၄၀၊ ပုဒ်မ ၄၁၊ ပုဒ်မ ၄၂ သို့မဟုတ် ပုဒ်မ ၄၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် အနည်းဆုံး ကျပ်သိန်းငါးရာမှ အများဆုံး ကျပ်သိန်းတစ်ထောင်အထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၃ တွင် မည်သူမဆို ပုဒ်မ ၄၄၊ ပုဒ်မ ၄၅၊ ပုဒ်မ ၄၆ သို့မဟုတ် ပုဒ်မ ၄၈ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၄ တွင် မည်သူမဆို ပုဒ်မ ၄၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ အကယ်၍ အဆိုပါ ပြစ်မှုကျူး လွန်ရာတွင် တစ်ဦးတစ်ယောက်ကို သေဆုံးစေခဲ့သော် သေဒဏ်ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၅ တွင် မည်သူမဆို ပုဒ်မ ၅၀ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သက်ဆိုင်ရာပြစ်မှုအတွက် ပြဋ္ဌာန်းထားသောပြစ်ဒဏ် ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၆ တွင် တရားရုံးသည် ယခုဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်စီရင်သည့်အခါ အောက်ပါ အမိန့်တစ်ရပ်ရပ် ချမှတ်ရမည်ဖြစ်ပြီး ယင်းအမိန့်များမှာ (က) ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများကို ဖျက်ဆီးခြင်း၊ (ခ) ပြစ်မှုနှင့် သက်ဆိုင်သည့် ပစ္စည်းတစ်ရပ်ရပ်ကို ပြည်သူ့ဘဏ္ဍာအခွင့်ရှိသူထံ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်း၊ (ဂ) ပြစ်မှုကျူး လွန်ရာမှ ရရှိသော ငွေကြေး သို့မဟုတ် ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ ရထိုက်ခွင့်ရှိသူထံ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် သတ်မှတ်ချက်နှင့်အညီ စီမံခန့်ခွဲခြင်းဟု ဖော်ပြထားသည်။

Most Read

Most Recent