မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး - တမူး လမ်းကြောင်းတစ်လျှောက်ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး - တမူး လမ်းကြောင်းတစ်လျှောက်ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်
Published 11 June 2026

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး - တမူး လမ်းကြောင်းတစ်လျှောက်ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါကလေး-တမူးလမ်းကြောင်းအား PDF အဖွဲ့များက ၂၀၂၄ ခုနှစ်မှစတင်၍ ယာယီစိုးမိုးပိတ်ဆို့၍ အဆိုပါလမ်းကြောင်းတစ်လျှောက် သွားလာနေကြသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြရာ ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်တို့မှာ ကူးသန်းသွားလာခြင်း မပြုလုပ်ရဲတော့သဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးများ နှောင့်နှေး၍ နယ်စပ်ကုန်သွယ်ရေးလျော့ကျလာပြီး ဒေသတွင်းစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများပြတ်လပ်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့ပြင် ခရီးသွားလာမှုကန့်သတ်လာခြင်းနှင့် လမ်းကြောင်းပိတ်ဆို့မှုများကြောင့် အဆိုပါဒေသအတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်မှု၊ ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍတွင် အဟန့်အတားများဖြစ်ပေါ်မှုနှင့် စီးပွားရေးကျဆင်းလာမှုတို့ကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ကလေး-တမူးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇွန် ၇ ရက်မှစတင်၍ တပ်မတော်စစ်ကြောင်းများသည် ကလေးမြို့ဘက်မှလည်းကောင်း၊ တမူးမြို့ဘက်မှလည်းကောင်း စစ်ကြောင်းများခွဲကာ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ နယ်မြေရှင်းလင်း၍ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာအနီး တစ်ဝိုက်သို့လည်းကောင်း၊ ကလေးမြို့ဘက်မှ နယ်မြေရှင်းလင်း၍ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ၅ မိုင်ကျေးရွာအနီးတစ်ဝိုက်သို့လည်းကောင်း ရောက်ရှိနေပြီဖြစ်ပြီး ကလေး-တမူးလမ်းကြောင်းအား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မကြာမီတွင် ကလေး-တမူးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများသည် အဆိုပါလမ်းတစ်လျှောက်၌ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် PDF အဖွဲ့များ ဖောက်ခွဲဖျက်ဆီးထားသည့် နန်းမွတ်တား တံတားနှင့် ၅၅ မိုင်တံတားများ အပါအဝင် ပျက်စီးနေသည့်လမ်းတံတားများကို တွေ့ရှိရပြီး လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများအတွင်း၌လည်း နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် ဌာနဆိုင်ရာအဆောက်အအုံများအား အကာအကွယ်ပြုလုပ်၍ ခံစစ်ကျင်းများတူးကာ သဲအိတ်များဖြင့် ဘန်ကာများပြုလုပ်ပြီး စစ်စခန်းများအဖြစ် ခံစစ်ပြင်ဆင် အခြေချနေထိုင်ထားခြင်းများကို တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terriosm Operation) ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းကြောင်းတစ်လျှောက်ရှိ သောင်းကျန်းသူများ ထောင်ခဲ့သည့်မိုင်းများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ဖျက်ဆီးခဲ့သည့်လမ်းတံတားများအား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေး-တမူးလမ်းကြောင်းသည် မြန်မာနိုင်ငံအနောက်မြောက်ဘက်ဒေသကို အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်ပေးသည့် အရေးပါသောကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်ပြီး ဒေသတွင်းသယ်ယူပို့ဆောင်ရေးသာမက နယ်စပ်ကုန်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာချိတ်ဆက်မှုတို့အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်းမှတစ်ဆင့် လူသုံးကုန်၊ စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများစီးဆင်းလျက်ရှိပြီး ဒေသခံပြည်သူများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေရုံသာမက လမ်းကြောင်း၏ တည်ရှိမှုသည် ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း အကျိုးပြုသည့် လမ်းကြောင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent